ဆေးကုလားမ(ခ)လျှော်ဖြူ

ဆေးကုလားမ(ခ)လျှော်ဖြူ

စီးပွားဖြစ် လျှော်ဖြူပင် စိုက်ပျိုးထုတ်လုပ်နည်း
တင်ပြရေးသားသူ - ခင်မောင်ဝင်း (စက်မှုသီးနှံ)
မှတ်ချက် - အွန်လိုင်းမှ အလွယ်တကူလေ့လာနိုင်ရန်အတွက်သာရည်ရွယ်၍ ဆရာခင်မောင်ဝင်း (စက်မှုသီးနှံ) ၏ စာအုပ်ကို ရိုက်နှိပ်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ လျှော်ဖြူအမှန်တကယ်စိုက်ပျိုးလိုသူအားလုံး၏ လက်ဝယ်တွင် အစဉ်သဖြင့် ကိုင်စွဲထားသင့်သည့် စာအုပ်ဖြစ်ပါ၍ မူရင်းစာအုပ်ကို ရှာဖွေဝယ်ယူ ဆောင်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
နိဒါန်း
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် “ပြည်တွင်းစားသုံးမှုဖူလုံရေး” “လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားငွေရရှိရေး” “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် ဦးတည်ချက် ၃ ရပ်ချမှတ်ထားပါသည်။ ၎င်းဦးတည်ရည်မှန်းချက်များအောင်မြင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၅) ရပ်တွင် “စိုက်ပျိုးမြေသယံဇာတများဖော်ထုတ်အသုံးချရေး” လုပ်ငန်းစဉ်တစ်ရပ် ပါဝင်လျှက်ရှိသည်နှင့်အညီ ပုဂ္ဂလိကအသေးစား၊ အကြီးစားလုပ်ငန်းများအား နိုင်ငံတော်မှ မြေယာသစ်များ တိုးချဲ့ဖော်ထုတ်၍ လုပ်ပိုင်ခွင့်များ ချမှတ်ပေးနေသော်လည်း ငွေကြေး၊ ပစ္စည်း၊ နည်းပညာနှင့် အခြားအခြေအနေ အခက်အခဲအမျိုးမျိုးကြောင့် ရာနှုန်းပြည့်အသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသည့် မြေလွတ်မြေလပ်များစွာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ကျန်ရှိနေပါသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအနှံ့အပြားရှိ မြေယာအသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသေးဘဲ ကျန်ရှိနေသည့် မြေလွတ်မြေလပ်၊ မြေအမျိုးအစားတွင် ငွေကြေးအရင်းအနှီးအနည်းငယ်ဖြင့် လူတိုင်းလွယ်ကူစွာ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် လျှော်ဖြူပင်စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ မြေယာအသုံးချမှုကဏ္ဍ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အကျိုးပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ၏ စက်မှုကုန်ကြမ်း ပြည်ပပို့ကုန်အမယ်သစ်တစ်မျိုး ရရှိလာမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။
သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိစေမည့် လျှော်ဖြူပင်စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို သိရှိလေ့လာနိုင်ကြစေရန် မိတ်ဆက်ပေးတင်ပြခြင်းဖြစ်ပါသည်။
အမျိုးအစားခွဲခြားခြင်း
သိပ္ပံအမည် - Streculia versicolor Wall, Sterculia vermicolor Wall
မြန်မာအမည် - လျှော်ဖြူပင်၊ ဆေးကုလားမပင်
အင်္ဂလိပ်အမည် - မရှိ
မျိုးစဉ် - Malvales
မျိုးရင်း - Sterculioideae
မျိုးစု - Sterculia
မျိုးစိတ် - Sterculia versicolor
ရုက္ခဗေဒသွင်ပြင်လက္ခာများ
အပင်သရုပ်
လျှော်ဖြူပင်သည် သဘာဝအားဖြင့် ပင်စည်အမြင့် ၅၀ ပေမှ ၉၀ ပေနှင့် လုံးပတ် ၆ ပေမှ ၁၀ အထိရှိပြီး ရှင်းလင်းသော အကိုင်းများဖြင့် ဖွဲ့စည်းထားသည့် နှစ်ရှည်ပင် အပင်ကြီးအမျိုးအစားဖြစ်ပါသည်။ ရွက်ကြွေပင်အမျိုးအစားဖြစ်ပြီး နွေရာသီ၌ အရွက်ကင်းမဲ့လေ့ရှိသည်။ ပင်စည်အခေါက်သည် မီးခိုးဖြူရောင်၊ ဖြူမွဲရောင်ရှိတတ်ပြီး အခေါက်အသားအတွင်းတွင် လျှော်မျှင်များဖြင့် ဖွဲ့စည်းထားပါသည်။ ပင်စည်အစိတ်အပိုင်းများအားလုံး၌ အစေးများရှိပြီး အခေါက်အပိုင်းအတွင်း၌ အစေးအများဆုံး တည်ရှိနေပါသည်။ အစေးများတည်ရှိနေသည့် အကျိအချွဲ မြောင်းများနှင့် သိုလှောင်အိပ်များသည် အခေါက်အတွင်းပိုင်းနှင့် အစာကြောတွင်လည်းကောင်း၊ အသားတိုးလွှာတွင်လည်းကောင်း၊ အရစ်လိုက်ဖွဲ့စည်းတည်ရှိနေပါသည်။
အရွက်
လျှော်ဖြူပင်၏အရွက်သည် ရွက်မွှာ (၅) မှ (၇) ရွက်ရှိသော လက်ဝါးပုံ ရွက်ပေါင်းအမျိုးအစားဖြစ်ပါသည်။ ရွက်လွှဲထွက်ကာ ရွက်ရင်းဖု သိသာထင်ရှားသည်။ ရှူးချွန်ပုံ ရွက်ညှာအစုံလိုက်ရှိပြီး ကြွေလွယ်သည်။ ရွက်မွှာများသည် ဘဲဥရှည်သွယ်ပုံရှိပြီး ထိပ်ပိုင်းချွန်လျှက် အပေါ်မျက်နှာပြင် ပြောင်ချောနေသည်။ အရွက်အောက်မျက်နှာပြင် ကြမ်းတမ်းကာ ရွက်ကြောများ ထင်ရှားစွာရှိသည်။
အမြစ်
ထူးခြားချက်မှာ အပင်ငယ်စဉ်မှစတင်၍ အမြစ်တွင် ထပ်ပွားကြီးထွားမှုနှင့်အတူ အစာသိုလှောင်သည့် အသားထူတစ်ရှူးအစိတ်အပိုင်းများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
ပန်းခိုင်၊ ပန်းပွင့်
ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်ပြီး အရေအတွက် (၄၀) မှ (၈၀) အထိပါရှိသော ပန်းပွင့်ငယ်ကလေးများသည် အဆုံးမရှိ ပန်းခိုင်ပေါင်းအဖြစ် ဖွဲ့စည်းတည်ရှိပါသည်။ ပန်းခိုင်ပေါ်တွင် ကြယ်ပုံ အမွှေးများ ထူထပ်စွာတည်ရှိနေသည်။ အပွင့်များသည် လိင်ရှုပ်ပွင့်များဖြစ်ကာ အဖိုပွင့်များနှင့် လိင်စုံပွင့်များ ပွင့်ကြသည်။ လိင်စုံပန်းတစ်ပွင့်လျှင် မအင်္ဂါငယ်အစေ့အိမ်ခန်း ၅ ခန်းပါရှိသည်။ အဖိုပန်းပွင့်၏ ဖိုအင်္ဂါအုံတွင် ၁၂ ခုမှ ၁၅ ခုရှိ ၀တ်ဆံတိုင်များသည် အခြေတွင် ပေါင်းစုနေကြသည်။ ပွင့်ဖတ်သည် ခေါင်းလောင်းပုံရှိပြီး ပွင့်ချပ်အုံ မပါရှိပါ။ ပန်းပွင့်များသည် သင်းပျံ့သည့် အနံ့ရှိကာ နုစဉ်အ၀ါရောင်ရှိ၍ ရင့်လာချိန်၌ အ၀ါရင့်ရောင်ပြောင်းလဲသွားသည်။
အသီးနှင့်အစေ့
လျှော်ဖြူပင်၏အသီးမှာ ပန်းတစ်ပွင့်မှ အသီးငယ် ၄ ခုမှ ၆ ခုအထိပါရှိသော ခွံမာအက်ကွဲသီးခေါ် အမြောင်းကွဲအသီးစု အမျိုးအစားဖြစ်ပါသည်။ အသီးငယ်တစ်ခုသည် ထုလုံးချွန်ပုံဖြင့် အတွင်းသို့ကွေးနေကာ အမွှေးကြမ်းများ ဖုံးအုပ်ထားသည်။ နုစဉ် စိမ်းဝါရောင်ရှိပြီး နောက်ပိုင်းရင့်လာချိန် ကော်ဇောနီရောင်ပြောင်းလဲသွားသည်။ ၅ စေ့မှ ၇ စေ့ ရှိ အစေ့များသည် အသီးငယ်တစ်ခုအတွင်း ချက်တိုင်တစ်လျှောက်တွင် အတန်း ၂ တန်းဖြင့် တွယ်ကပ်နေသည်။ အစေ့များ ချောမွတ်ကာ အညိုရင့်ရောင်ရှိသည်။ အစေ့ကိုလှော်၍ စားသုံးနိုင်သည်။
ပွင့်သီးချိန်
လျှော်ဖြူပင်များသည် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပန်းများပွင့်လေ့ရှိပြီး ဒီဇင်ဘာမှ မတ်လအထိ အသီးများကြီးထွားရင့်မှဲ့ကြသည်။ ပန်းပွင့်ချိန်ရာသီတွင် တစ်ပင်လုံးအရွက်များ အ၀ါရောင်ဖျော့သွားပြီး အသီးရင့်ချိန်၌ အရွက်များကင်းမဲ့နေကာ အပင်ပေါ်တွင် နီရဲနေသော သီးခိုင်၊ သီးစုများကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။
အသုံးဝင်မှု
လျှော်ဖြူပင်မှာထုတ်ယူရရှိသော အစေခဲခြောက်များအား လျှော်ဖြူစေ (၀ါ) ဆေးကုလားမ (Myanmar Sterculia gums) ဟုခေါ်ကာ ပြည်တွင်း၌ ၎င်းကို ရေခဲမုန့်၊ ဂျယ်လီမုန့်၊ ရွှေရင်အေး၊ ဖာလူဒါ စသည့် မြန်မာ့ရိုးရာအဖျော်စားသောက်ကုန် လုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲကြသည့်အပြင် တိုင်းရင်းဆေး၌ ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေးအဖြစ် ဆေးဝါးအသွင် အသုံးပြုကြပါသည်။ ပင်စည်အခေါက်မှ လျှော်မျှင်များစွာထုတ်ယူရရှိ၍ ကြိုးအမျိုးမျိုးပြုလုပ်သုံးစွဲကြပြီး ပင်စည်အသားကို ခွဲစိတ်ကာ သစ်ပွသားအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။
လျှော်ဖြူပင်အပါအ၀င် လျှော်ပင်၊ လျှော်နီပင်စသည့် ၎င်းမျိုးရင်းဝင်အပင်များမှ ရရှိသော အပင်ထွက်အစေးများကို အိန္ဒိယနိုင်ငံမှ အများဆုံးထုတ်လုပ်ထွက်ရှိပြီး ၎င်းတို့ကို Gum sterculia, Gum Karaya, Gum Kadaya, Indian tragacanth ဟုခေါ်ဝေါ်ကြသည်။ ၎င်း Gum Karaya ခေါ် အပင်ထွက်အစေးများသည် သကြားနှင့် ယူရိုနစ်အက်စစ်များမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် တည်ဆောက်ပုံ ရှုပ်ထွေးသည့် ကစီဓာတ်ပေါင်းစုများ ဖြစ်ကြပါသည်။ ၎င်းအစေးများသည် galactan gelose ပါဝင်မှုကြောင့် ရေကို အဆများစွာ စုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း၊ ပျစ်ချွဲစေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း၊ ရေအပြင် အရက်ပျံ၊ အီသာနှင့် ဆီ အမျိုးမျိုးတွင် ပျော်ဝင်မှုမရှိခြင်း၊ အက်ဆစ်ပျော့များနှင့် အနုဇီဝပိုးများ၏ တိုက်စားဖြိုခွဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ခန္ဓာကိုယ်မှ စုပ်ယူချေဖျက်နိုင်မှုမရှိခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။ ဖော်ပြပါထူးခြားသည့်ရုပ်နှင့် ဓါတ်ဂုဏ်သတ္တိများကြောင့် လျှော်မျိုးရင်းဝင် အပင်ထွက်စေးများကို ကမ္ဘာပေါ်ရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများစွာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသည်။ ၎င်းအစေးခဲခြောက်များအား အမှုန့်ပြုလုပ်၍ သုံးစွဲကြပြီး အထူးသဖြင့် အဖျော်ယမကာလုပ်ငန်းများ၊ သရေစာနှင့် မုန့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း၊ စက္ကူပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိသည့် စက်မှုလက်မှုလုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်း၊ စေးခဲ၊ စေးပျစ်ပစ္စည်း၊ အနယ်စုပ်ပစ္စည်း၊ အဖုံးအကာလွှာပစ္စည်းများအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။
ယခုအခါ လျှော်ဖြူစေးကို ကားမှန်များ (Glass Fiber) ထုတ်လုပ်ရာတွင် ရောနှောကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုရန် ကမ္ဘာကျော်ကားကုမ္ပဏီအချို့သည် မြန်မာပြည်တွင်း၌ စက်ရုံတည်ရန် ကုန်ကြမ်းနှင့်နေရာရှာဖွေလျက်ရှိပါသည်။
မြန်မာ၊ အိန္ဒိယ တိုင်းရင်းဆေးများတွင် လျှော်ဖြူစေး (၀ါ) Gum sterculia (သို့) Gum Karaya ကို အမှုန့်ပြုလုပ်ပြီး ၀မ်းနှုတ်ဆေး၊ ၀မ်းချူဆေး၊ အနာကျတ်ဆေး၊ ကာမစိတ်ကြွဆေးအပြင် သွားဖာ သွားကပ်ဆေးများအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အရေပြားနှင့် အနာရောဂါပြု ဘတ်တီးရီးယားပိုးများစွာကို ကာကွယ်ပေးနိုင်သဖြင့် ဆေးဂျယ်လီ၊ ဆေးပလာစတာ၊ ဆေးပတ်တီး၊ အရေပြားလိမ်းဆေးများအဖြစ် ပြုလုပ်သုံးစွဲကြသည်။ လေ့လာစမ်းသပ်မှုများအရ မြန်မာနိုင်ငံထွက် လျှော်ဖြူစေသည် ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် အိန္ဒိယမှ မှာယူတင်သွင်းနေရသော အပင်ထွက် အစေးတစ်မျိုးဖြစ်သည့် Gum tragacanth နေရာတွင် အစားထိုးသုံးစွဲနိုင်ကြောင်း သိရှိရပါသည်။
ပေါက်ရောက်ပျံ့နှံ့မှု
လျှော်ဖြူပင်သည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးရိုးမတောင်တန်းများအပြင် အနောက်ရိုးမအစပ် တောင်တန်းများနှင့် ရှမ်းရိုးမအစပ် တောင်တန်းများပေါ်တွင် အများဆုံးတွေ့ရှိရသည်။ အန္ဒိယနိုင်ငံ အရှေ့ဘက်တောင်တန်းဒေသများတွင်လည်း တွေ့ရှိရသည်။ အပူပိုင်းဒေသကြိုက်အပင် အမျိုးအစားဖြစ်ပါသည်။
မျိုး
မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများတွင် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက်အဖြူပင်နှင့် အညိုပင် စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝအခြေအနေအပြင် အပင်ပုံပန်းသဏ္ဌာန်ကွဲပြားခြားနားမှုမရှိသဖြင့် လျှော်ဖြူတစ်မျိုးတည်းပင် ဖြစ်ပါသည်။ သို့သော်လည်း လျှော်ဖြူပင်နှင့်မျိုးနွယ်တူ မျိုးစိတ်ကွဲအပင်များရှိနေပြီး ၎င်းတို့မှာ လျှော်နီ၊ ဒုန်လျှော်၊ လျှော်ဝါ၊ ဘန်လျှော်၊ လျှော်အ၊ လျှော်ပင်တို့ဖြစ်ပါသည်။ အစေးထွက်ရှိမှုနှင့် အစေးသဘာဝများ တူညီကြသော်လည်း မြန်မာလျှော်ဖြူပင်မှရရှိသည့် အစေးသည် ဖြူဆွတ်နေပြီး လျှော်နီ၊ လျှော်ဝါနှင့် လျှော်ပင်များမှရရှိသော အစေးများသည် နီဝါရောင် အနည်းငယ်သန်း၍ ပြည်တွင်းဈေးကွက်၌ လျှော်ဖြူစေးကဲ့သို့ ဈေးမရပေ။ အိန္ဒိယနိုင်ငံတွင်မူ ဖော်ပြပါ လျှော်ပင်၊ လျှော်နီပင်များမှ အဓိကထား၍ (Gum Karaya) အဖြစ် အစေးထုတ်ယူကြပါသည်။
မြေအမျိုးအစားနှင့် ရာသီဥတု
လျှော်ဖြူပင်သည် ရေ၀ပ်သည့်မြေ၊ ရေစီးရေလာညံ့သော မြေများမှလွဲ၍ မြေအမျိုးအစားအမျိုးမျိုး၊ နေရာဒေသအမျိုးမျိုးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း ထုံးဓါတ်ပါသည့် ကျောက်စရစ်မြေ၊ သဲဆန်မြေ၊ နုံးစနယ်မြေများကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရပါသည်။ လျှော်ဖြူပင်သည် အပူကြိုက်အပင်အမျိုးအစားဖြစ်ပြီး မြန်မာပြည်ဒေသ အနှံ့အပြား သဘာဝအလျောက် ပေါက်ရောက်ခြင်းကြောင့် မြန်မာပြည်ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အမြင့်ပေ ၂၀၀၀ ကျော်ပြီး စိုစွတ်အေးမြသည့် ဒေသများနှင့် လေထုအစိုဓါတ်များသော ဒေသများတွင် အစေးထုတ်ယူမှု အခက်အခဲရှိနိုင်သဖြင့် စီးပွားဖြစ် မစိုက်ပျိုးသင့်ပါ။ မိုးရေချိန်များသည့်ဒေသများတွင် စိုက်ပျိုးလိုလျှင် တောင်စောင်း ဆင်ချေလျှော်နေရာများတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ပူပြင်းခြောက်သွေ့ကာ မိုးရေချိန် (၁၀၀) လက်မနှင့် ၎င်းအောက်ရရှိသည့် မြေလတ်ပိုင်းဒေသများ မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးရန် ပိုမိုသင့်လျှော်ပါသည်။
လျှော်ဖြူပင်စိုက်ခင်း တည်ထောင်လုပ်ကိုင်ခြင်း
ပျိုးပင်
လျှော်ဖြူပင်အား အကိုင်းဖြတ်ကိုင်းထိုးနည်းဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သော်လည်း ၎င်းအပင်များသည် ရေသောက်မြစ်အားနည်းပြီး လေဒဏ် ခံနိုင်ရည်မရှိသဖြင့် အစေ့မှသာ ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ အစေ့မှပျိုးထောင်စိုက်ပျိုးရာတွင် မြေဆွေးပါ ပျိုးအိတ်များတွင် မျိုးစေ့တိုက်ရိုက်ထည့်ကာ ပျိုးသက် (၂ လ ၃ လ) အရွယ်၊ အရွက်သုံးစုံခန့်ရှိချိန်တွင် မြေချစိုက်ပျိုးနိုင်ပါသည်။ သဲဘောင်တွင် မျိုးစေ့အညှောင့်ဖောက်ပြီး အရွက်နှစ်စုံထွက်လာလျှင် ပျိုးအိတ်သို့ ရွှေ့ပြောင်းပျိုးထောင်ပေးနိုင်သည်။ ပျိုးအိတ်တွင် အမြစ်များမြန်ဆန်စွာ ဖောက်ထွက်မြေစွဲသဖြင့် အိတ်တွင် ပျိုးသက် (၅ လ) ထက် ပိုမထားသင့်ပါ။ မြေဘောင်များဖြင့်လည်း ပျိုးထောင်နိုင်ပြီး အမြစ်ဥ ကောင်းစွာ (မုံလာဥအရွယ်ခန့်) ဖြစ်ပေါ်လာသည်အထိ ပျိုးသက် (၆ လ) မှ (၁ နှစ်ခွဲ) ခန့်အထိ ထားရှိ၍ နှုတ်ယူရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။ ပျိုးထောင်စဉ် ပျိုးပင်များရေ၀ပ်ဒဏ်မခံနိုင်သဖြင့် ပျိုးခင်းတွင် ရေမများရန် အထူးလိုအပ်ပါသည်။
စိုက်ပင်အရေအတွက်
တစ်ဧကလျှင် လျှော်ဖြူအပင်ရေ (၁၅၀) မှ (၃၀၀) ပင်ခန့်အထိ ထားရှိစိုက်ပျိုးနိုင်ပါသည်။ တောင်ကုန်းစောင်းများတွင် အပင်အရေအတွက် ပိုမိုစိုက်ပျိုးနိုင်ပါသည်။ ဖော်ပြပါအပင်အရေအတွက်ရရှိရန် ပင်ခြား တန်းခြား အကွာအဝေးကို ၂၅ ပေ x ၁၂ ပေ၊ ၃၀ ပေ x ၁၀ ပေ၊ ၂၀ ပေ x ၁၀ ပေ၊ ၁၅ ပေ x ၁၅ ပေ၊ ၁၅ ပေ x ၁၂ ပေ၊ ၁၂ ပေ x ၁၂ ပေ စသည်ဖြင့် နှစ်သက်ရာအကွာအဝေးထားရှိနိုင်ပြီး အပင်ငယ်စဉ် နှစ်သက်ရာကြားသီးနှံ ရာသီပင်များထည့်သွင်း စိုက်ပျိုးနိုင်ပါသည်။ ခြံစည်းရိုးစိုက်ပင်များကိုမူ (၇ ပေ သို့မဟုတ် ၁၀ ပေ) ခြား၍ စိပ်စိပ်စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးခြင်းနှင့် ပြုစုခြင်း
မိုးရာသီအတွင်း အချိန်မီမြေချစိုက်ပျိုးရပြီး အပင်ရှင်သန်ဖြစ်ထွန်းလွယ်သဖြင့် အလွယ်တကူ စိုက်ပျိုးလုပ်ကိုင်နိုင်သော်လည်း စိုက်ကျင်းများကို ၁ ပေခွဲမှ ၂ ပေအထိ ကောင်းစွာ တူးလျှက် မြေဆွေးမြေသြဇာများ ထည့်သွင်းပြီး စနစ်တကျ ကြိုတင်ပြင်ဆင်စိုက်ပျိုးလျှင် အပင်ကြီးထွားမှု ပိုမိုမြန်ဆန်စေပါသည်။
ထိုနည်းတူ သာမန်ပြုစုထိန်းသိမ်းပေးခြင်းဖြင့် အပင်များသည် ပုံမှန်ကြီးထွားလာမည်ဖြစ်သော်လည်း အပင်ငယ်စဉ် ပေါင်းမြကက်သုတ်သင်ပေးခြင်း၊ လိုအပ်သည့် မြေသြဇာများကျွေးမွေးခြင်း၊ ကြားထွန်ဝင်ပေးခြင်း၊ မိုးရေနှင့် အစိုဓာတ်ထိန်းသိမ်းပေးခြင်း (ကောက်ရိုး၊ မြက်ခြောက်များ တန်းကြားထူထူအုပ်ခြင်း) စသည့် အပင်ထိန်းသိမ်းပြုစုမှုလုပ်ငန်းများကို စနစ်တကျ ပုံမှန်ဆောင်ရွက်ပေးနိုင်ပါက အပင်ပိုင်းကြီးထွားဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်စေကာ အစေးအထွက်နှုန်းကိုပါ အကျိုးပြုစေပါသည်။ ထိုကဲ့သို့ အပင်ကြီးထွားမှုကောင်းပြီး အရွက်ဧရိယာများပြားသိပ်သည်းမှုသည် အစေးထွက်ကို အကျိုးပြုစေသည်သာမက အစေးယူချိန်တွင် ပင်စည်အား ထီးကဲ့သို့ အုပ်မိုးကာကွယ်ပေးထားသဖြင့် ပင်စည်ပေါ်မှ အစေးများကို မိုးရေကြောင့်ပျက်စီးဆုံးရှုံးမှု နည်းပါးစေပါသည်။
အစေးထုတ်အပင်အသက်အရွယ်နှင့် အစေးထုတ်သက်တမ်း
လျှော်ဖြူပင်သည် အပင်ငယ်စဉ်အရွယ်မှစတင်ပြီး အစေးများထွက်သော်လည်း အပင်သက် ၄ နှစ်သားမှ ၅ နှစ်သား၊ ပင်စည်လုံးပတ် ၃ ထွာဆိုင်ခန့် (၂၇ လက်မခန့်) အရွယ်ရောက်ရှိမှစတင် အစေးထုတ်ယူသင့်ပါသည်။ အပင်ငယ်စဉ် အစေးထုတ်စောလွန်းပါက အပင်ကြီးထွားမှု အားနည်းသွားနိုင်ပါသည်။
လျှော်ဖြူပင်သည် သဘာဝအားဖြင့် နှစ် ၇၀ မှ ၉၀ သက်တမ်းရှိသော နှစ်ရှည်ပင်အမျိုးအစားဖြစ်သော်လည်း အပင်အား အစေးထုတ်ဒဏ်ရာပေးခြင်းသည် (အစေးထုတ်နည်းစနစ်အလိုက်) မူလသက်တမ်း၏ ထက်ဝက်မက သက်တမ်း လျော့ကျသွားစေနိုင်ပါသည်။ ပြက္ခရွေတောင်တန်း (မြစ်သားမြို့နယ်)၊ စစ်ကိုင်းနှင့် မင်းကွန်းတောင်တန်း (စစ်ကိုင်းမြို့နယ်)၊ တွင်းတောင် (ဘုတလင်မြို့နယ်) စသည့် တောင်တန်းများအပေါ်ရှိ ဒေသခံများ၏ ဓားထစ်နည်းဖြင့် အစေးထုတ်ယူလျက်ရှိ သော သဘာဝလျှော်ဖြူပင်များအားလေ့လာကြည့်ရာ အစေးထုတ်ပင်အများစုမှာ (၁၀) နှစ် အများဆုံး ၁၅ နှစ်အကြာသာ အစေးထုတ်နိုင်ကြောင်းတွေ့ရှိရသော်လည်း အချို့အပင်များသည် (အစေးထုတ်သူအပေါ်မူတည်လျက်) အစေးထုတ်ကာလ (၂၅) နှစ်ခန့်ရှိနေပြီး ယနေ့အချိန်အထိ ဆက်လက်အစေးထွက်ရှိဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။ အစေးထုတ်လျှော်ဖြူပင်များ ပျက်စီးသေဆုံးမှု အဓိကအကြောင်းရင်းသည် ပင်စည်ဒဏ်ရာ ကြီးမားများပြားမှုကြောင့် လေဒဏ်မိုးဒဏ်မခံနိုင်ဘဲ ကျိုးကျသေဆုံးခြင်းနှင့် ဒဏ်ရာမှ ပင်စည်ထိုးပိုး အတွင်းဝင်ရောက်ဖျက်ဆီး၍ အပင်ခြောက်သွေ့ သေဆုံးခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ လျှော်ဖြူပင်၏ အစေးထုတ်နိုင်သည့် သက်တမ်းကာလသည် အစေးထုတ်ပုံနည်းစနစ် များအပေါ် မူတည်နေပြီး စနစ်တကျဆောင်ရွက်လျှင် အပင်သက်တမ်းရှည်ကြာစွာ အစေးထုတ်ယူနိုင်ပါသည်။ အချို့ဒေသများတွင် အပင်သက် (၅၀) နှစ်သက်တမ်းအထိ အစေးထွက်ကောင်းနေသော အပင်ကြီးများကို တွေ့ရှိရပါသည်။
အစေးထုတ်ပုံနည်းစနစ်များ
မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူကြရာတွင် ပင်စည်ဓါးထစ်နည်းများကို သမာရိုးကျလုပ်ကိုင်မှုများပြီး အချို့ဒေသများတွင် ဆောက် (သို့မဟုတ်) လွန်ဖြင့် ပင်စည်အပေါက်ဖောက်နည်းကို အသုံးပြုကြသည်။
(၁) ဓါးထစ်နည်း
လျှော်ဖြူပင်မှ အစေးထုတ်ယူရန် ဦးစွာအပင်အား ပြင်ဆင်ရာတွင် အပင်အမြင့် ၁ ပေခွဲ၊ ၂ ပေခန့်မှစ၍ ပင်စည်ပေါ်တွင် အနက် ၁ လက်မမှ ၁ လက်မခွဲခန့်၊ အကျယ် ၃ လက်မ ၄ လက်မခန့်၊ လခြမ်းကွေးပုံ ဘန်ထစ်ပြုလုပ် ခုတ်လှီးပေးရသည်။ ပင်စည်အသားအနည်းငယ် ပြတ်ရုံသာချိန်ဆပြုလုပ်ရပြီး ဓါးအစား ရဲဒင်း၊ လွှများဖြင့် သုံးစွဲပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကို ပင်စည် အစေးကြောဖြတ်ခြင်းဟု ခေါ်သည်။ ဤကဲ့သို့ ပင်စည်အစေးကြောဖြတ် ဓားထစ်ခြင်းကို ပထမရာသီတွင် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်လျက် ၂ နေရာ ၃ နေရာခန့်သာ ပြုလုပ်ပေးရပြီး အပင်ကြီးလာမှ တဖြည်းဖြည်းနေရာများစွာ ဓားထစ်ပြုလုပ်နိုင်သည်။ ပင်စည်ပေါ်ဓါးထစ်ရာတစ်ခုနှင့်တစ်ခုကို ထက်အောက် အကွာအဝေး ၁ ပေခွဲ၊ ၂ ပေခန့်ခြားပြီး နေရာလွှဲပြုလုပ်ရသည်။ ဓါးထစ်နေရာရွေးချယ်ရာတွင် ပင်စည်၏ လေကွယ် နေကွယ် ဘက်ခြမ်း၌ အစေးထစ်လျှင် အစေးအရည်အသွေး ညံ့တတ်သဖြင့် နေ၊ လေ ပိုမိုရရှိသည့် ပင်စည်ဘက်ခြမ်းတွင် ရွေးချယ်ပြုလုပ်ကြသည်။ ပင်စည်အခုံး (အကုံး) ရှိနေလျှင် ၎င်းနေရာ၌ အစေးထုတ်လျှင် အစေးထွက်နည်းသည်ဖြစ်၍ ၎င်းပင်စည်အခုံးနေရာတွင် ဓါးထစ်ခြင်းမပြုရပါ။
ဤကဲ့သို့ ပင်စည်အား အစေးကြေဖြတ်ထားပြီး ၂ ပတ် ၃ ပတ်ခန့်အကြာ အခေါက်နှင့် အသားအကြားမှ ကျီးပေါင်း (ခေါ်) မန်းရာ (ခေါ်) အသားနုလွှာကောင်းစွာဖြစ်ပေါ်လာသည်နှင့် ၎င်းအသားနုလွှာအား ဓါးထက်ထက်ဖြင့် ထန်းလှီးသကဲ့သို့ ပါးပါးရှပ်လှီးပေးရသည်။ ၎င်းကို အစေးကြောဖွင့်ခြင်း (၀ါ) မန်းပြင်ခြင်းဟုခေါ်ပါသည်။ ထိုသို့ ရှေးဦးမန်းပြင်ခြင်းကို တစ်ပတ်ခြား ၁ ကြိမ် ၂ ကြိမ်ခန့်ပြုလုပ်လေ့ကျင့်ပေးရသည်။ အချို့အပင်များသည် ၁ ကြိမ် ၂ ကြိမ်ပြင်ရုံဖြင့် အစေးထွက်မန်း ရရှိလာသည်။ ၎င်းကို မန်းနပ်သွားသည်ဟု ခေါ်ကြသည်။ မန်းနပ်သွားမှ အစေးများ နေ့စဉ်မပြတ်ထွက်ရှိလာပါသည်။
ထိုကဲ့သို့ လျှော်ဖြူပင်စည်အပေါ်အစေးကြောဖွင့် မန်းပြင်ပေးပြီး ၎င်းနေရာရှိ အခေါက်သားအတွင်းမှ အစေးများ နေ့စဉ်စိမ့်ထွက်လာနေမည်ဖြစ်ပါသည်။ အစေးများသည် ထွက်စမှာပင် ပျစ်ချွဲချွဲကပ်စေးစေးရှိပြီး ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ (၂၄) နာရီအတွင်း အစေးများ ပျစ်ခဲမာထန့်သွားသည်။ လေထုစိုထိုင်းဆများနေလျှင် အစေးများပျစ်ခဲမှု ကြန့်ကြာသည်။ မိုးရေနှင့်ထိလျှင် အစေးများ ပျော်ကျသွားသည်။ သို့ဖြစ်ရာ အပင်ပေါ်ရှိအစေးခဲများကို ရာသီဥတု (မိုး အခြေအနေ) ကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ တစ်ပတ်တစ်ကြိမ်ဖြစ်စေ ခွါယူသိမ်းဆည်းနိုင်ပါသည်။
အထက်ဖော်ပြပါအတိုင်း အစေးကြောဖွင့်ထားသောဒဏ်ရာ (မန်းရာ) မှ အစေးထွက်ရှိမှု အတိုးအလျော့အပေါ်မူ တည်လျက် (၅) ရက်မှ (၇) ရက်ခန့်ကြာတိုင်း ယခင်နည်းအတိုင်း ထပ်မံ၍ ဓါးဖြင့်လှီးပြင်ပေးရသည်။ အချို့က ၂ ရက်ခြား ၃ ရက်ခြား မန်းပြင်ပေးကြသည်။ အစေးမပြတ်ထွက်လာရေးအတွက် မန်းရာသည် အမြဲစိုနေရန် (၀ါ) မန်းနပ်နေရန်လိုအပ်သဖြင့် မန်းရာအခြောက်မခံဘဲ (၀ါ) မန်းကျွတ် မန်းတင်မခံဘဲ အခြေအနေကြည့်၍ လိုအပ်သလို ပြုပြင်ပေးရသည်။ အစေးထွက်ရန် လက်ကြိုက်သည်ဟု ဆိုကြသည်။ အချို့အပင်များသည် ၂ ပတ် ၃ ပတ်ကြာအထိ မန်းပြင်စရာမလိုဘဲ အစေးမပြတ်ထွက်လာသည်လည်းရှိသည်။ အချို့က ဆောက်ငယ်ဖြင့် မန်းရာအား အနည်းငယ်ထိုးဖဲ့ပေးကြသည်။ အချို့က ဓါးစူးချွန်ဖြင့် အနည်းငယ်ထိုးဆွပေးကြသည်။ မည်သို့ပင်ဖြစ်စေ အစေးထွက်ပုံမှန်ရရှိရန် မန်းပြင်ပေးသူ၏ နားလည်ကျွမ်းကျင်မှု လိုအပ်ကြောင်းတွေ့ရှိရပါသည်။
ဤသို့ဖြင့် လျှော်ဖြူပင်၏ အစေးထုတ်ဒဏ်ရာအား အကြိမ်ကြိမ်ပြုပြင်လျှက် အစေးများပုံမှန်ထုတ်ယူနေရာမှ အသီးများ ရင့်မှည့်ချိန် ခြောက်သွေ့ရာသီရောက်ရှိလျှင် အစေးထွက် ဆုတ်သွားသဖြင့် မန်းပြင်မှုမပြုလုပ်တော့ဘဲ ရပ်နားကြသည်။ အချို့ဒေသများတွင် အပင်အားအနားမပေးဘဲ ဆက်လက်မန်းပြင် အစေးထုတ်ယူကြသည်လည်းရှိသည်။
လျှော်ဖြူပင်စည်အား အစေးထုတ်မန်းပြင်ခြင်းရပ်နားပေးလိုက်သည်နှင့် မူလဒဏ်ရာသည် ၆ လမှ ၇ လအကြာတွင် ကျီးပေါင်းတက်၍ အသားပြန်ပိတ်သွားသည်။ နောက်ရာသီ၌ မူလဒဏ်ရာဟောင်းအပေါ်မှသော်လည်းကောင်း အပေါ်ပိုင်းသို့ နေရာပြောင်း၍လည်းကောင်း ဆက်လက်အစေးထုတ်ယူကြသည်။ လျှော်ဖြူပင်၏ ပင်စည်လုံးပတ်ကြီးများလျင် အပင်ကိုင်းတက်များအထိ တက်ရောက်အစေးထုတ်ယူကြသည်။ ပင်စည်အပေါ်ပိုင်းနေရာများတွင် အစေးပိုမိုထွက်လေ့ရှိသည်။
(၂) ဆောက်ရိုက်နည်း
ပင်စည်ပေါ်တွင် ဆောက်ခုံးငယ်ဖြင့် အ၀ိုင်းပေါက်ငယ်များပြုလုပ်၍ အစေးထုတ်ယူသည့်နည်းဖြစ်ပါသည်။ ပင်စည်၏ ဒူး၊ ခါး ခန့်အမြင့်ရှိသော နေရာမှစ၍ ငါးမူး၊ သုံးမတ်ဆိုက်အရွယ် အ၀ိုင်းပေါက်ငယ်များကို ပင်စည်ပတ်လည် နေရာလွှဲကာ တစ်ခုနှင့်တစ်ခု အကွာအဝေး ၁ ပေမှ ၁ ပေခွဲစီခြားလျက် အပေါက် ၅ ပေါက်မှ ၇ ပေါက်ခန့် ဖောက်ပေးရသည်။ အခေါက်ပြတ်ရုံ ဖောက်ပေးရသည်။ အချို့က လက်သမားသုံး “လွန်” ကိရိယာဖြင့် ဖောက်ကြသည်။ ၎င်းနည်းသည် ဓားထစ်နည်းလောက် ပင်စည်ဒဏ်ရာ ကြီးမားမှုမရှိပါ။ အပေါက်အရေအတွက်ကို ပင်စည်လုံးပတ်အရွယ်အစားအရ ချိန်ဆပြုလုပ်ပေးရမည်ဖြစ်သည်။ ပင်စည်ဖောက်ပြီး ၁ ပတ် ၂ ပတ်ခန့်အကြာ အပေါက်အတွင်း အသားနုတက်လာလျှင် အပေါက်အတွင်းသားများကို ထန်းနွေးဓါးကဲ့သို့ ဓါးငယ်ဦးချွန်ဖြင့် လှည့်ခြစ်လှီးပေးခြင်း (၀ါ) မျက်နှာသစ်ပေးခြင်းဖြင့် အစေးများ နေ့စဉ်ပုံမှန်ထွက်လာမည်ဖြစ်ပါသည်။ အစေးများပုံမှန်ထွက်ရေးအတွက် အပေါက်အတွင်း အမြဲစိုနေရန် (၀ါ) မန်းနပ်နေရန် လိုအပ်ပြီး တစ်နည်းအားဖြင့် အသားနုကြမ်းမသွားရန်အတွက် အခြေအနေကြည့်၍ သုံးလေးရက်မှ တစ်ပတ် ၁ ကြိမ် မျက်နှာသစ် မန်းပြင်ပေးရသည်။ မန်းရာကြမ်းသွားပြီး အစေးထွက်ရပ်သွားလျှင် နေရာအသစ်ပြောင်းကာ ဖောက်ပေးရပါသည်။ မန်းပြင်ရာတွင် အပေါက်အတွင်း သစ်သားအမှိုက်များ မကျန်ရန် သန့်ရှင်းပေးရန်လိုအပ်သည်။ မိုးရာသီ၌ မိုးများစွာရွာသွန်းပြီးနောက် အစေးထုတ်ပေါက်များအတွင်း ရေတင်မကျန်ရန် သန့်ရှင်းပေးရသည်။ အပေါက်ကို အောက်ဘက်သို့ အနည်းငယ် စောင်းဖောက်ပေးရန်လိုအပ်သည်။
(၃) သပ်ထိုးနည်း
ပင်စည်းအခေါက်အား ရဲဒင်း (သို့) ဆောက်ပြား (သို့) ဓါးအသုံးပြု၍ အကျယ် ၂ လက်မခွဲခန့် ရိုက်ဖြတ်ပြီး အပေါ်ခြမ်းအခေါက်နှင့် အူတိုင်အတွင်းသို့ အနေတော်သပ်တစ်ခုဖြင့် ၃ လက်မခန့်ဝင်အောင် ရိုက်သွင်းကာ သပ်အား ၁၂ နာရီမှ ၂၄ နာရီအကြာထည့်ထားလိုက်ရသည်။ သပ်ထိုးဒဏ်ရာမှ အစေးများထွက်လာပြီး တစ်ပတ်ခန့်အကြာတွင် အစေးများ ကောက်ယူနိုင်သည်။ ထို့နည်းတူ အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံ ရိုက်ဖြတ်၍ အခေါက်အားလှန်ထားခြင်းဖြင့်လည်း အစေးများထွက်လာစေသည်။ သပ်ပေါက်အရေအတွက်ကို အပင်၏ လုံးပတ်အရွယ်အစားအရ (၃) နေရာမှ (၅) နေရာခန့် ပြုလုပ်ပေးရမည်ဖြစ်ပါသည်။
(၄) အစေးထွက်လှုံ့ဆောက်ပစ္စည်းသုံးစွဲနည်း
သဘာဝလျှော်ဖြူပင်များမှ အစေးရရှိရန် လက်ရှိလုပ်ကိုင်နေကြသော ဓါးထစ်အစေးထုတ်နည်းတွင် အများစုသည် ပင်စည်အား ဒဏ်ရာကြီးမားစွာ ပြုလုပ်လျက်နေရာများစွာမှ ကြိမ်ဖန်များစွာ အတိုင်းအဆမရှိ အစေးထုတ်ယူကြခြင်းဖြစ်ရာ အပင်ကြီးထွားမှုနှင့် မျိုးပွားမှုကို များစွာထိခိုက်ပြီး အပင်သေဆုံးသည်အထိ ဖြစ်ပေါ်စေပါသည်။ ထိုကဲ့သို့ သဘာဝအပင်များကို အသက်အရွယ်မရွေးလွန်ကျူးစွာ ဓါးထစ်၊ အစေးထုတ်ယူမှုများကြောင့် အပင်သက်တမ်းမရှည်ကြပါ။ သို့ဖြစ်ရာ အပင်အားထိခိုက်မှုအနည်းဆုံးဖြင့် အစေးထွက်အများဆုံးရရှိနိုင်သော သိပ္ပံနည်းကျ အစေးထုတ်နည်းစနစ် (၀ါ) မှန်ကန်သည့် အစေးထုတ်နည်းစနစ်ဖြင့် ကျင့်သုံးလုပ်ကိုင်နိုင်ရန် အထူးလိုအပ်ပါသည်။
အိန္ဒိယနိုင်ငံ Madhya Pradesh နှင့် Andhra Pradesh ပြည်နယ်များတွင် အိန္ဒိယသစ်တောဌာနမှ ၁၉၉၅ ခုနှစ်က လျှော်ပင်နှင့် လျှော်နီပင်များ၌ အစေးထုတ်နည်းစနစ်ကို စမ်းသပ်ရှာဖွေခဲ့ရာ ပင်စည်အား အပေါက်ငယ်များဖောက်ပြီး အစေးထွက်လှုံ့ဆော်ပစ္စည်းဖြစ်သည့် Ethephon ခေါ် 2-chloroethyl Phosphonic acid သုံးစွဲခြင်းဖြင့် အစေးထွက်အများဆုံးရရှိသည်ကို တွေ့ရှိခဲ့ပါသည်။ Ethephon သုံးစွဲခြင်းဖြင့် သမာရိုးကျအစေးထုတ်နည်းထက် (၁၀) ဆခန့် အစေးပိုမိုထွက်ရှိသည့်အပြင် အစေးအရည်အသွေးသည်လည်း ပိုမိုကောင်းမွန်ကာ ဒဏ်ရာများကိုလည်း အလျင်အမြန် အသားပြန်ပိတ်သွားစေကြောင်း တွေ့ရှိရပါသည်။ Ethephon သုံးစွဲ၍ အစေးထုတ်ယူလုပ်ကိုင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပင်စည်အမြင့် ၃ ပေခန့်တွင် ပင်စည်ဖောက်ကိရိယာအသုံးပြု၍ အချင်း ၁ လက်မ၏ လေးပုံတစ်ပုံ (တစ်မတ်ဝိုင်းခန့်)၊ အနက် ၁ လက်မမှ ၁ လက်မခွဲခန့်ရှိ အပေါက်များကို ပင်စည်ပတ်လည်၌ တစ်ခုနှင့်တစ်ခု အကွာအဝေး ၈ လက်မမှ ၁၂ လက်မခန့် ထားရှိလျက် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်ပြီး အပေါက်အရေအတွက် ၇ ပေါက်မှ ၁၅ ပေါက်အထိ ပြုလုပ်ပေးရသည်။ ထိုသို့ဖောက်ပြီးလျှင် အပေါက်များအတွင်းသို့ (၂၈၅) မီလီဂရမ် တက်ကြွပစ္စည်းပါ Ethephon ဆေးရည် ၁ စီစီ (285 mg active substance in 1 mlgr) ထည့်သွင်းပေးခြင်းဖြင့် အစေးများ လေးငါးနာရီခန့်အကြာတွင် စိမ့်ထွက်လာကာ ၁ ပတ်အကြာတွင် အစေးကောက်ယူနိုင်သည်။
မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူရာတွင် အထက်ဖော်ပြပါနည်းစနစ်အတိုင်း ပြုလုပ်နိုင်ပြီး၊ သမာရိုးကျအစေးထုတ်နည်းစနစ်များတွင်လည်း Ethephon သုံးစွဲလုပ်ကိုင်နိုင်ပါသည်။ သတိပြုရန်မှာ ပင်စည်အစေးကြောဖြတ်ဒဏ်ရာပြုလုပ်ရာတွင် ပင်စည်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် ပင်စည်လုံးပတ် ၁ ပေမှ ၁၅ လက်မလျှင် တစ်ပေါက်နှုန်းခန့်သာ ပြုလုပ်၍ Ethephon ကို ဆေးနှုန်းထားမှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါသည်။ မည်သည့်အစေးထုတ်နည်းစနစ် ကျင့်သုံးသည်ဖြစ်စေ အပင်အခြေအနေနှင့် အစေးထွက်အခြေအနေပေါ်မူတည်လျက် ချင့်ချိန်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လျှော်ဖြူပင်အစေးထွက်ဆေးအဖြစ် ရာဘာတွင်သုံးစွဲသည့် Vitax ကဲ့သို့ အစေးထွက်အားဆေးများကိုလည်း သုံးစွဲနိုင်ပါသည်။
အစေးထုတ်ရာသီချိန်
မြန်မာပြည်အလယ်ပိုင်းဒေသများတွင် ပင်စည်အား အစေးကြောဖြတ်ခြင်း၊ ဖောက်ခြင်း၊ ဓါးထစ်ခြင်း စသည့်အစေးထုတ်ရန် ပြင်ဆင်မှုလုပ်ငန်းများကို ပင်စည်၌ အရွက်များစုံညီဝေဆာနေပြီး အစိုဓါတ်ရရှိသည့် မိုးဦးကျကာလ မေ၊ ဇွန်လများတွင် စတင်ပြုပြင်လုပ်ကိုင်ကြပါသည်။ ဤသို့ဖြင့် မိုးကာလမှ ဆောင်းကာလ တစ်လျှောက်လုံး အစေးထုတ်ယူကြပြီး အပွင့်အသီး ကြီးထွားရင့်မှည့်ချိန်ဖြစ်သည့် နွေရာသီကာလများတွင် အစေးထွက်သည်လည်း လျော့နည်းလာသည်ဖြစ်၍ ၎င်းအချိန်တွင် အစေးမထုတ်ဘဲ အပင်အား အနားပေးကြသည်။ အကယ်၍ အပွင့်အသီးများ ချွေထားပြီး အစိုဓါတ်ရှိနေလျှင် အရွက်မကြွေမီအထိ ဆက်လက် အစေးထုတ်ယူနိုင်သည်။ မိုးများသည့် အရပ်ဒေသများ၌ မိုးပြတ်ချိန်နှင့် ခြောက်သွေ့ရာသီကာလများတွင် အစေးထုတ်ယူနိုင်ပါသည်။ သို့ဖြစ်ရာ ဒေသတစ်ခု၏ ရာသီဥတုအပေါ်မူတည်လျက် တစ်ရာသီ တစ်နှစ်လျှင် အစေးထုတ်ကာလ အနည်းဆုံး ၅ လမှ ၈ လအထိ ရရှိပါသည်။
အစေးကောက်ယူသိမ်းဆည်းခြင်း
ပင်စည်ဒဏ်ရာမှထွက်လာသော အစေးခဲများကို ရာသီဥတုအခြေအနေကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ ကောက်ယူပြီး မာခဲသွားအောာင် နှစ်နေခန့်လှန်းပေးရသည်။ ပြီးလျှင် အရိပ်အောက်တွင် ၂ ရက်ခန့် လေသလပ်ခံထားပြီး ထုတ်ပိုးသယ်ပို့နိုင်ပါသည်။ အစေးခဲများပေါ်တွင် ဖုန်၊ ခဲ၊ သလဲများ၊ အမှိုက်စများ၊ အညစ်အကြေးများနှင့် သစ်တိုသစ်စများမရှိရန် ဂရုစိုက်သန့်စင်ပေးရသည်။ အရောင်မလှသောအစေးများကိုလည်း သီးခြားစီခွဲထုတ်ပေးရသည်။ အရောင်ဝါညစ်နေလျှင် ဒုတိယတန်းစားဖြစ်ပြီး၊ အရောင်လည်းမလှ အညစ်အကြေးများလည်းရှိနေလျှင် အောက်စ တတိယတန်းစားဖြစ်ကာ ဖြူဖွေးသန့်စင်နေမှသာ ပထမတန်းစားအဆင့်ဝင်၍ ဈေးကောင်းရရှိမည်ဖြစ်ပါသည်။ သန့်ရှင်းဖြူဖွေးနေသည့် ကြိုးမျှင်စသဏ္ဌာန်အစေးများ (ကျစ်စာ) ကို ဈေးပိုမိုပေးဝယ်ကြသည်။
အစေးထွက်နှုန်း
လျှော်ဖြူပင်စိုက်ခင်းများတွင် အစေးထွက်ကောင်းသည့်ရာသီ၌ အစေးထွက်များသည့်အပင်များမှ တစ်ပင်လျှင် အစေးခြောက် ၂ ကျပ်သားမှ ၃ ကျပ်သားအထိ နေ့စဉ်ရရှိပြီး အချို့အပင်များသည် နေ့စဉ် ၁၅ ကျပ်သားမှ ၂၅ ကျပ်သားအထိ ထူးခြားစွာ ထွက်ရှိကြပါသည်။ သဘာဝအပင်များတွင် နေ့စဉ် ၅၀ ကျပ်သားအထိ ထွက်ရှိနေသော အပင်ကြီးများကို တွေ့ရှိရပါသည်။ အိမ်ခြံဝန်းစိုက်လျှော်ဖြူပင်များသည် သာမန်အပင်များထက် အစေးထွက်ကောင်းကြောင်း တွေ့ရှိရသည်။ သို့သော်လည်း စိုက်ခင်းနှင့် သဘာဝအပင်များတွင် အပင်အားလုံးအစေးထွက်နှုန်း တသမတ်တည်းမရှိကြဘဲ အထွက်များသည့်အပင်အရေအတွက် ၆၀ ရာခိုင်နှုန်းခန့်သာ ပါရှိတတ်၍ အစေးရရှိမှု ကောင်း၊ သင့်၊ ညံ့ အပင်များပါရှိမှုအရ အပင်သက်တမ်း နုစဉ်ကာလ၌ လျှော်ဖြူတစ်ပင်၏ နေ့စဉ်ပျမ်းမျှအထွက်မှာ ၁ ကျပ်သားခန့်ဖြစ်ပါသည်။
သို့ဖြစ်ရာ တစ်ဧကစိုက်လျှော်ဖြူပင် (၂၀၀) ခန့်မှ နေ့စဉ် လျှော်ဖြူစေး (၂) ပိဿာခန့် ရရှိမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လျှော်ဖြူပင်တစ်ပင်မှ တစ်ရာသီလျှင် အစေးအနည်းဆုံးအထွက် (၁.၅) ပိဿာမှ (၂) ပိဿာခန့် ပုံမှန်ရရှိမည်ဖြစ်ပါသည်။ ဖော်ပြပါအထွက်နှုန်းများသည် မန္တလေးတိုင်း၊ သာမန်စိုက်လျှော်ဖြူစိုက်ခင်းများနှင့် တောင်တန်းများပေါ်ရှိ သဘာဝလျှော်ဖြူပင်များ၏ ပုံမှန်နှင့် ပျမ်းမျှအစေးထွက်ရှိမှုအခြေအနေဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ စိုက်ပင်များနှင့် သဘာဝလျှော်ဖြူပင်များ၏ အစေးထွက်နှုန်းသည် အောက်ဖော်ပြပါအချက်များပေါ်မူတည်နေကြောင်း လေ့လာတွေ့ရှိရပါသည်။
(၁) မျိုး ။ ။ မြန်မာနိုင်ငံတွင် မျိုးစမ်းသပ်ပြီး သီးသန့်ရွေးချယ်ထုတ်လုပ်ထားသည့် လျှော်ဖြူပင်မျိုး (သို့မဟုတ်) စပ်မျိုးများမရှိသေးပါ။ သဘာဝတွင် အရွက်ရိုးတန်နီသောအပင်နှင့် ရိုးတန်စိမ်းသောအပင်နှစ်မျိုးရှိသော်လည်း အစေးထွက်နှုန်း ကွာခြားမှုမရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အစေးထွက်ကောင်းသည့် လျှော်ဖြူပင်၏ လက္ခဏာသည် ရွက်အုပ်ကောင်း၍ အခေါက်အသားမှာ ထူထူပွပွဖြစ်နေပါသည်။ သို့ဖြစ်ရာ အစေးများများထွက်သည့် လျှော်ဖြူပင်များမှ မျိုးကို သီးသန့်ရွေးချယ်မျိုးယူ စိုက်ပျိုးသွားရန်ဖြစ်ပါသည်။
(၂) မြေအမျိုးအစား ။ ။ လျှော်ဖြူပင်သည် မြေအမျိုးအစားမျိုးစုံတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း သဲဆန်နှုန်းမြေနှင့် သဲကျောက်စနယ်မြေများတွင် အစေးထွက်ကောင်းမွန်တတ်ပြီး ထုံးဓါတ်ကြွယ်ဝသောမြေများကို နှစ်သက်ကြောင်း တွေ့ရှိရပါသည်။
(၃) အပင်သက်တမ်းနှင့် လုံးပတ်အရွယ်အစား ။ ။ ယေဘုယျအားဖြင့် အပင်သက်တမ်းနှင့် လုံးပတ်အရွယ်အစားကြီးမားလာပါက အစေးပိုမိုရရှိလာပါသည်။ သဘာဝတွင် အပင်သက်တမ်းနှစ် (၅၀) အထိ အစေးထွက်ကောင်းနေသော အပင်များကို တွေ့ရှိရပါသည်။ လေ့လာမှုအရ သဘာဝတောများရှိ လျှော်ဖြူပင်သည် အပင်သက်တမ်း ၇ နှစ် ၈ နှစ် ခန့်မှ ၁၅ နှစ် ၂၀ နှစ်အတွင်း အစေးထွက်အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိပါသည်။
(၄) အစေးထုတ်ရာသီချိန် ။ ။ လျှော်ဖြူပင်သည် တစ်နှစ်ပတ်လုံး အစေးထွက်ရှိသော်လည်း အစေးထွက်အများဆုံးရာသီကာလမှာ မြန်မာပြည်အလယ်ပိုင်းဒေသများတွင် မိုးလယ်ကာလမှ ဆောင်းလယ်ကာလ (ဇူလိုင်လမှ နိုဝင်ဘာလ) အထိ ၅ လခန့်ဖြစ်ပြီး ကျန်ကာလများ (ခြောက်သွေ့ရာသီ) တွင် အထွက်လျော့ပါသည်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းတွင် နေ့ညအပူအအေးကွာခြားမှုများသော ကာလများတွင် အစေးပိုထွက်ကြောင်း တွေ့ရှိရပါသည်။ မိုးရာသီတွင် အစေးထွက်များသော်လည်း အစေးအရည်အသွေးညံ့တတ်ပြီး မိုးကုန်ရာသီတလျှောက် အရည်အသွေး ပိုမိုကောင်းမွန်သော အစေးများကို ရရှိလေ့ရှိပါသည်။ မိုးရွာသွန်းမှုနှင့် အစိုဓါတ်ရှိမှုသည် အစေးထွက်ကို များစွာလွှမ်းမိုနေရာ မိုးကောင်းသောနှစ်တွင် အစေးထွက်များ၍ မိုးခေါင်သောနှစ်တွင် အစေးအထွက်လျော့နည်းလေ့ရှိသည်။ သို့ဖြစ်ရာ အစေးထွက်ကောင်းရန် မိုးရေနှင့် အစိုဓါတ်ထိန်သိမ်းနည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
(၅) အစေးထုတ်နည်းစနစ်နှင့် မန်းပြင်ပုံပြင်နည်း ။ ။ လျှော်ဖြူပင်မှ အစေးထွက်လာရန် ပင်စည်အား ဒဏ်ရာများပြုလုပ်ပေးရခြင်းဖြစ်ရာ လိုအပ်သည်ထက် ဒဏ်ရာကြီးမားများပြားသွားပါက အပင်ကြီးထွားမှုကို ထိခိုက်စေသည့်အပြင် အစေးအထွက်ကိုပါ ယုတ်လျော့စေတတ်ပါသည်။ သို့ဖြစ်ရာ အစေးထွက်ကောင်းရန် ပင်စည်အား ဒဏ်ရာအနည်းဆုံးပေးပြီး အစေးထွက်အများဆုံးရရှိစေသောနည်း (၀ါ) မှန်ကန်သောအစေးထုတ်နည်းစနစ်ကို ကျင့်သုံးရမည်ဖြစ်ပါသည်။ ၎င်းအပြင် အစေးမပြတ်ထွက်နေရန် အပင်အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို မန်းပြင်ပေးရသဖြင့် အစေးအထွက်နှုန်းကောင်းရန် မန်းပြင်သူ၏ နားလည်ကျွမ်းကျင်မှုလည်း လိုအပ်ပါသည်။
(၆) ပြုစုထိန်းသိမ်းနည်းစနစ် ။ ။ လျှော်ဖြူပင်သည် အပင်ဖြစ်ထွန်းလွယ်၍ သာမန်စိုက်ပျိုးထားခြင်းဖြင့် ရေမြေသဘာဝအပေါ်မူတည်လျက် ပုံမှန်ကြီးထွားလာကာ အစေးထုတ်ချိန်တွင် အစေးထွက်သည်လည်း သာမန်နှုန်းဖြင့် ပုံမှန်ရရှိနေမည်ဖြစ်ပါသည်။ သို့ရာတွင် သာမန်နှုန်းထက်အစေးထွက်ပိုမိုရရှိလိုပါက မိမိစိုက်ခင်းအား အစာနှင့်ရေလိုအပ်သလို ဖြည့်ဆည်းပံ့ပိုးပေးလျက် ပုံမှန်ပြုစုထိန်းသိမ်းပေးရန် လိုအပ်ပါသည်။ အစေးထွက်တိုးရန် ဓါတ်မြေသြဇာများ ထည့်သွင်းကျွေးမွေးနိုင်သော်လည်း ရေရှည်မြေသဘာဝ တိုးတက်ကောင်းမွန်လာစေရန် သဘာဝမြေသြဇာများနှင့် သြဂဲနစ်မြေသြဇာများကိုသာ အဓိကထားသုံးစွဲသင့်ပါသည်။
ပိုးမွှားရောဂါ
လျှော်ဖြူပင်တွင် ဖျက်ပိုးကျရောက်မှုနှင့် ရောဂါကျရောက်မှုပြဿနာများ အထူးအထွေမရှိပါ။ အပင်ငယ်စဉ် ရွက်စားပိုးများ ကျတတ်ပြီး အစေးယူချိန်၌ ဒဏ်ရာနေရာမှ ပင်စည်ထိုးပိုး ၀င်တတ်သည်။ ၎င်းပိုးဖောက်ရာတွေ့လျှင် တွေ့ချင်း အပေါက်အတွင်း တုတ်ချောင်းငယ်ဖြင့် ထိုးသွင်းသုတ်သင်ပစ်နိုင်သည်။ အစေးထုတ်ဓါးထစ်ဒဏ်ရာ နက်လွန်းပါက အူတိုင်အတွင်း မိုးရေများဝင်ပြီး ပင်စည်ပိုးထိုးအပြင် ပင်စည်ပုတ် မှိုရောဂါပါ ပူးတွဲကျရောက်တတ်ပါသည်။ ပင်စည်အခေါက်ပေါ် အပွေးတလျှောက် ခြတတ်တတ်၍ မပြတ်ကြည့်ရှု ရှင်းလင်းပေးခြင်း၊ ပင်ခြေတွင် ခြဆေးဖြူးထားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
အစေးထုတ်ယူနေသော အပင်များတွင် အစေးထွက်ရှိရာ မန်းရာအသားနုအတွင်း ကိုက်ခြစ်စားပိုးငယ်များ ကျရောက်တတ်ပါသည်။ သို့ရာတွင် ၎င်းပိုးလောက်ကောင်ငယ်များရှိနေခြင်းသည် အပင်အားထိခိုက်စေခြင်း အထူးမရှိဘဲ အစေးထွက်ရှိမှုကို လှုံ့ဆော်ပေးနေသဖြင့် အပင်မှ အစေးပိုမိုထွက်ရှိကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ၎င်းပိုးကောင်ငယ်များ၏ အညစ်အကြေးများသည် အစေးများပေါ်ကျကာ ညစ်ပေစေသဖြင့် ဂရုစိုက်သန့်ရှင်းပေးရန်လိုအပ်ပြီး ၎င်းပိုးငယ်များကို မန်းပြင်ချိန်၌ ဓါးဖြင့်ရှင်းလင်းဖယ်ထုတ်ပေးနိုင်သည်။
ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ
ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် အပင်ထွက်အစေးများကို အများဆုံးထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် နိုင်ငံခြားတင်ပို့မှုတန်ချိန် (၃၀၀၀) ခန့်ရှိကြောင်း သိရှိရသည်။ ၀ယ်ယူတင်သွင်းသည့် နိုင်ငံများမှာ ဥရောပနိုင်ငံများ အမေရိကန်နိုင်ငံနှင့် အာရှဒေသမှ စက်မှုထွန်းကားသည့် နိုင်ငံများဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှထွက်သော ဆေးကုလားမကို အများဆုံးထုတ်လုပ်ရောင်းဝယ်ကြပြီး ဆေးကုလားမထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀၀ ခန့်ရှိနိုင်ကာ အများစုကို ပြည်ပသို့တင်ပို့ကြပါသည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများမှ ဆေးကုလားမအများဆုံးရရှိပြီး ကချင်ပြည်နယ်အချို့ဒေသများမှလည်း ထွက်ရှိပါသည်။ သီးခြားစိုက်ခင်းများမှ ထုတ်လုပ်မှု အနည်းအကျဉ်းသာရှိကာ တောတောင်များပေါ်ရှိ သဘာဝအပင်များမှ အများဆုံးထုတ်လုပ်ရရှိခြင်းဖြစ်ပါသည်။
ပြည်တွင်း၌ ဒေသခံလျှော်ဖြူစေးကောက်ခံစုဆောင်းဝယ်ယူသူများသည် သာစည်၊ မိတ္ထီလာ၊ မန္တလေး ရန်ကုန်မြို့များရှိ အ၀ယ်ဒိုင်များသို့ ပေးသွင်းရောင်းချကြပြီး ၎င်းအ၀ယ်ဒိုင်ကုန်သည်များက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့ကြသည်။ နှစ်စဉ် ပြည်တွင်းပြည်ပ၀ယ်လိုအားရှိနေပြီး ပြည်တွင်း၌ လက်ရှိနယ်ပေါက်ဈေးသည် ပစ္စည်းအရည်အသွေး အတန်းအစားပေါ်မူတည်လျက် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ရောင်းဝယ်ကြပါသည်။
နိဂုံး
ကမ္ဘာပေါ်ရှိ စက်မှုနိုင်ငံများစွာသည် လျှော်ဖြူစေးကဲ့သို့ အပင်ထွက်အစေးများကို ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်နှင့် အခြားစက်မှုလုပ်ငန်းများစွာတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိနေရာ ကုန်ကြမ်းလိုအပ်ချက်များပြားလာခြင်းနှင့် သဘာဝအပင်များ ရှားပါးလာပြီး ပစ္စည်းထွက်ရှိ လျော့နည်းလာခြင်း စသည့်အခြေအနေများအရ နှစ်စဉ် ပြည်တွင်းပြည်ပ၀ယ်လိုအား တိုးတက်လျက်ရှိနေပါသည်။ သို့ဖြစ်ရာ လျှော်ဖြူပင်စိုက်ခင်းများ ထူထောင်လုပ်ကိုင်ခြင်းဖြင့် အလားအလာကောင်းသည့် စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်လာပါသည်။
လျှော်ဖြူပင်ကို စိုက်ပျိုးလုပ်ကိုင်ခြင်းသည် အခြားနှစ်ရှည်ပင်များကဲ့သို့ နှစ်ကာလအချိန်များစွာ မစောင့်ရဘဲ အချိန်တိုနှစ်ကာလအတွင်း ၀င်ငွေကောင်းစွာရရှိလာနိုင်သည့်အပြင် လုပ်ငန်းကုန်ကျစရိတ်လည်း နည်းပါး၍ စီးပွားရေးတွက်ခြေကိုက်ခြင်းကြောင့် မြန်မာနိုင်ငံဒေသအချို့်တွင် တစ်ပိုင်တစ်နိုင် စိုက်ခင်းများနှင့် စီးပွားဖြစ်စိုက်ခင်းများ တည်ထောင်လုပ်ကိုင်နေကြပြီဖြစ်ပါသည်။
ထိုကဲ့သို့ သီးခြားလျှော်ဖြူစိုက်ခင်းမပြုလုပ်နိုင်သော်လည်း မိမိစိုက်ခင်း၊ ယာခင်း၊ အိမ်ခြံဝန်းပတ်လည်တစ်လျှောက်တွင် အရိပ်ပင်၊ လေကာပင်၊ ခြံစည်းရိုးပင်များအဖြစ် စိုက်ပျိုးထားခြင်းဖြင့် နှစ်အနည်းငယ်အတွင်း လျှော်ဖြူစေးထုတ်ယူရရှိပြီး လစဉ်ပုံမှန်ဝင်ငွေရရှိလာမည်ဖြစ်ရာ အခြားစိုက်ခင်းစရိတ်နှင့် မိသားစု နေ့စဉ်ဈေးသုံးအတွက်ပါ ငွေပဒေသာပင်အလား တစ်နှစ်ပတ်လုံး ထောက်ပံ့ပေးနေမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကျေးလက်ဒေသများတွင် လျှော်ဖြူပင်ကို လူတိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုက်ရိုက်အထောက်အကူပြုစေမည်ဖြစ်ပါသည်။
၎င်းအပြင် လျှော်ဖြူပင်သည် ကာဗွန်စုပ်ယူမှုအားကောင်းသည့်အပင် အမျိုးအစားဖြစ်၍ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် များစွာအထောက်အကူပြု အကျိုးရှိစေသည်ဖြစ်ရာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိမ်းလန်းစိုပြေရေးနှင့် သစ်တောပြန်လည်ထူထောင်ရေးစီမံကိန်းများတွင် တွဲဘက်အသုံးပြုစိုက်ပျိုးသင့်သော အပင်ဖြစ်ပါကြောင်း သတင်းကောင်းပါးတင်ပြလိုက်ရပါသည်။
ခင်မောင်ဝင်း (စက်မှုသီးနှံ)
လျှော်ဖြူပင် စိုက်ပျိုးလုပ်ကိုင်နည်းလမ်းညွှန်
(အစေးအထွက်တိုးတက်ရေးနည်းလမ်းများ)
၁။ ရေမ၀ပ်သည့်မြေ၊ ရေစီရေလာကောင်းသည့် သဲနုန်းဆန်မြေ၊ သဲစနယ်မြေများကို ရွေးချယ်စိုက်ပျိုးပါ။
၂။ အစေးထွက်ကောင်း၍ အခေါက်ထူပွသော အပင် (မြန်မာမျိုးသန့်) မှ မျိုးစေ့များကို ရွေးချယ်ယူ၍ ပျိုးထောင်စိုက်ပျိုးပါ။
၃။ တစ်ဧကလျှင် လျှော်ဖြူပင် ၁၅၀ မှ ၃၀၀ ပင်ခန့်စိုက်ပျိုးပါ။ ပင်ခြားတန်းကြားအကွာအဝေး အစိပ်အကျဲကို ၁၂ x ၁၂ ပေ မှ ၁၇ x ၁၇ ပေအတွင်း နှစ်သက်သလို ထားရှိစိုက်ပျိုးနိုင်သည်။ ခြံစည်းရိုးများတွင်စိုက်ပါက ၁၀ ပေ ခြားစိုက်ပျိုးနိုင်သည်။
၎။ မစိုက်မီ အနက် အကျယ် ၁ ပေခွဲသို့မဟုတ် ၂ ပေရှိ စိုက်ကျင်းများကို ၁ လခန့် ကြိုတင်တူး၍ ၁ ကျင်းလျှင် နွားချေးဆွေးနှင့် မြေဆွေး ၂ ပြည်၊ လကြေးမှုန့် နို့ဆီဗူးဝက်ခန့်နှင့် တီစူပါမြေသြဇာ ဟင်စား ၂ ဇွန်းထည့်ကာ ကျင်စာဖြည့်၍ ရေမွှေသမထားပါ။ စိုက်ကျင်းများကို မိုးမကျမီ ကြိုတင်ပြင်ဆင်ထားရမည်။
၅။ မိုး ၂ မိုး ၃ မိုးရွာပြီး စိုက်ကျင်းအောက်ခံအစိုဓါတ်ကောင်စွာရှိချိန် ဇွန် ဇူလိုင် သြဂုတ်လများတွင် အစောဆုံးစိုက်ပျိုးပါ။ ရေရလျှင် မိုးကြိုရေပေးစိုက်ပျိုးနိုင်သည်။
၆။ ပျိုးသက် ၂ လမှ ၃ လခန့်ရှိ အိတ်ပျိုးပင်များဖြင့် စိုက်ပျိုးပါ။ မြေအိတ်မဲ့ပျိုးပင်များ စိုက်ပျိုးလျှင် အရွက်များလျှော့ချကာ အမြစ်ဥဖြောင့်တန်းစွာထားစိုက်ပါ။ ဘောင်ပျိုးခင်းမှ ၆ လ မှ ၁ နှစ်သားအရွယ်ပျိုးပင်များကို နှုတ်ယူစိုက်ပျိုးနိုင်သည်။ အမြစ်ဥကို မြေတွင်မြှုပ်စိုက်ပါ။ စိုက်ပြီးပင်ခြေပတ်လည်မြေကြပ်နေအောင် ခြေဖြင့်ဖိနင်းစိုက်ပါ။
၇။ မစိုက်မီ စိုက်ကျင်းတွင် မြေအောင်းပိုးသတ်ဆေးမှုန့်ဖြစ်သော ဖျူရာဒါန် (သို့မဟုတ်) ဒိုင်ယာဇီနွန်ဆေးတစ်မျိုးကို ၁ ကျင်းလျှင် လက်ဖက်စား ၁ ဇွန်းနှုန်း မြေခံထည့်ပေးပါ။
၈။ စိုက်ပျိုးပြီး အပင်ငယ်စဉ်၌ ပင်ခြေပေါင်းနှင့် ကြားပေါင်များကို နိုင်နင်အောင်ဆောက်ရွက်ပါ။ မြေပြန့်စိုက်ခင်များတွင် တစ်ရာသီလျှင် ကြားထယ်၊ ကြားထွန် ၄ ကြိမ်မှ ၅ ကြိမ်ခန့်ဝင်ပေးပါ။ စိုက်တန်းကြား ပေါင်းကင်းစင်ရန်နှင့် မြေဖွထားရန်ဖြစ်သည်။
၉။ အပင်ငယ်စဉ် ကြားသီးနှံရာသီပင်များစိုက်ပျိုးလျှင် ပဲမျိုးနွယ်ဝင်အပင်များကို စိုက်ပျိုးပါ။ စိုက်ပျိုးရိတ်သိမ်းပြီးလျှင် ကြားသီးနှံပင်များအား ထယ်ထိုးမြေမြှုပ်ပစ်ပါ။
၁၀။ လျှော်ဖြူပင်စိုက်ပျိုးပြီး ဒုတိယရာသီတွင် မိုးဦး ၁ ကြိမ် မိုးနှောင်း ၁ ကြိမ် ကွန်ပေါင်းမြေသြဇာ ၂ ဇွန်းနှင့် ပုလဲမြေသြဇာ ဟင်းစားဇွန်း ၂ ဇွန်းကို ပင်ခြေမှ ၁ ပေခွါ၍ မြေတွင်းထည့်ဖုံးပေးပါ။ နွားချေး၊ ကြက်ချေးစသည့် သဘာဝမြေသြဇာများ နွားလှည်း ၁၀ စီးခန့်နှင့် Gypsum ခေါ် လကြေးမှုန့်ကို တစ်ဧကလျှင် အိတ်ကြီး ၁ အိတ်မှ ၂ အိတ် နှစ်စဉ်ထည့်ပါ။ အစေးထုတ်ချိန်တွင် ကန့်နှင့် မဂ္ဂနီဆီယမ်ဓါတ်ပါ NPK ကွန်ပေါင်းဓါတ်မြေသြဇာ ၁၆း၁၆း၈ သို့မဟုတ် ၁၅း၁၅း၁၅ အချိုးကွန်ပေါင်းမြေသြဇာ တစ်ဧက ၁ အိတ်နှုန်းကျွေးပါ။ သို့မဟုတ် သင့်လျော်ရာ သြဂဲနစ် မြေသြဇာများ ၃ အိ ၄ အိတ် ကျွေးပါ။
၁၁။ မိုးနည်းဒေသ မြေပြန့်စိုက်ခင်းများတွင် မိုးရေတားကန်သင်းများ ပြုလုပ်ပေးပါ။ အပင်တန်းကြားများတွင် ကောက်ရိုးမြက်ခြောက်များ ၆ လက်မအထူခန့် အုပ်ပေးပါ။ တောင်စောင်းစိုက်ခင်းများတွင် အစိုထိန်မြောင်းများကို စနစ်တကျ ပြုလုပ်ပေးထားပါ။
၁၂။ ပင်စည်လုံးပတ် ၃ ထွာခန့် (၂၇ လက်မ)၊ အပင်သက် ၄ နှစ်သားမှ ၅ နှစ်သားအရွယ်တွင် စတင်အစေးထုတ်နိုင်သည်။ အပင်အရွက်စုံထွက်ပြီး မိုးဦးကျကာလမှ စတင်အစေးထုတ်ရန် ပြင်ဆင်ပါ။
၁၃။ အစေးထုတ်ရာတွင် ပင်စည်ဒဏ်ရာအနည်းဆုံးဖြင့် အစေးထွက်အများဆုံရရှိစေသည့် အစေးထုတ်နည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ပါ။ သမရိုးကျအစေးထုတ်နည်းဖြင့် လုပ်ကိုင်ပါက ဓါးထစ်နှင့် ဆောက်ထွင်းပေါက်အရေအတွက်ကို လုံးပတ် ၁၂ လက်မလျှင် ၁ ခုနှုန်းထက်မများအောင် ပြုလုပ်ဆောင်ရွက်ပါ။
၁၄။ ဒေသရာသီဥတုအခြေအနေအပေါ်မူတည်လျက် အစေးထွက်အများဆုံးရရှိသည့်ကာလများတွင် အဓိကထားအစေးထုတ်ယူပါ။ အရွက်ကြွေကျချိန်နှင့် သီးပွင့်ရင့်မှည့်ချိန်များအပါအ၀င် တစ်ရာသီလျှင် ၄ လမှ ၆ လကြာ အပင်အား အစေးမထုတ်ဘဲ အနားပေးပါ။ ပွင့်သီးချိန်တွင် အသီးမခံဘဲ သီးပွင့်ခိုင်များကို စောစီးစွာချွေပစ်ပါက အစေးထွက် ပိုမိုရရှိပါသည်။
၁၅။ ပင်စည်ဒဏ်ရာမှ ပင်စည်ဖော်ကပိုးနှင့် မှိုရောဂါများမ၀င်အောင် ကြိုတင်ကာကွယ်ပါ။ အစေးထုတ်နေရာကို သန့်ရှင်းစွာ ကိုင်တွယ်ဆောင်ရွက်ပါ။ ဒဏ်ရာအတိမ်အနက် မှန်ကန်စွာ ဆောင်ရွက်ပါ။
၁၆။ ဖြူဖွေးလျက် အရည်အသွေးကောင်းသောအစေးများရရှိအောင် စီမံဆောင်ရွက်ပါ။ နေ့စဉ် ကောက်သိမ်းစနစ်ပြုလုပ်ပါ။ အစေးများကို အတန်းအစားခွဲခြား၍ ရောင်းချပါ။
ဆန်တင်ပို့မှု မူဆယ်

ဆန်တင်ပို့မှု မူဆယ်

တရုတ်နိုင်ငံ စပါးပေါ်ချိန်တွင် မူဆယ်ဆန်အရောင်းအ၀ယ် ဈေးကွက် အေးစက်လာ
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆန်တရားဝင် တင်ပို့နိုင်ရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက နှစ်နိုင်ငံ တရားဝင် လက်မှတ် ရေးထိုးခဲ့
သော်လည်း တရုတ် နိုင်ငံမှ ဆန်စပါး ပေါ်ချိန် ဖြစ်သည့် အတွက် တောင်သူ လယ်သမား ဥပဒေအရ ဖမ်းဆီး မှုများ ပြုလုပ်လာ
သောကြောင့် မူဆယ် ဆန် ကုန်စည် ဒိုင်တွင် ဆန် အရောင်းအ၀ယ် ပြန်လည် နည်းပါးလာ ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ
သိရသည်။
“မူဆယ် ထွက်ပေါက် တစ်ခုတည်း ကိုပဲ အားကိုး နေရတဲ့ အချိန်မှာ တရုတ်ကပေးတဲ့ ဆန် ဈေးနှုန်းကလည်း နည်း၊ အဖမ်းအ
ဆီးတွေ ကလည်း ဒီလိုဘဲ ခဏခဏဖြစ် နေတော့ ကျွန်တော်တို့လို အရောင်းအ၀ယ်လုပ်နေတဲ့သူတွေရော၊ တောင်သူတွေပါ
ရပ် တည်နိုင်ဖို့ အခြေအနေက ဘယ်လိုမျိုးဆက် ပြီးရပ်တည်နိုင်ဦးမှာလဲ”ဟု မူဆယ်ဆန် ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင် ကုန်သွယ်ခွင့်ရှိသော်လည်း တရုတ်နိုင်ငံမှ တရားဝင်ကုန်သွယ်ခွင့် မရရှိသဖြင့် ဖမ်းဆီး
မှုများ မကြာခဏဖြစ်ခဲ့သော်လည်း ယခု ၂၀၁၄ ခုနှစ်တွင် ဆိုးရွားစွာဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရ
သည်။
“ကျွန်တော်တို့ဘက်က ရောင်းတော့ လည်း အကြွေး စနစ်နဲ့ ရောင်းရတယ်။ အဖမ်း အဆီးရှိလို့ မိသွားရင်လည်း အရှုံးခံနေရ
တော့ ဘယ်ဘက်က ကြည့်ကြည့် အခံဘက်ကလို ဖြစ်နေတယ်။ ဒါပေမယ့် သူ့တို့နဲ့ ကင်းနိုင်လားဆိုတော့ မကင်းနိုင်ပါဘူး။
ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်က သူတို့အပေါ်ကို မှီခိုနေရသလို ဖြစ်နေတော့ သူတို့နဲ့ ကင်းကွာဖို့ဆိုတာ ဘယ်
လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်လည်း ဘယ်လို အခက်အခဲတွေဖြစ်ဖြစ် ရင်ဆိုင်နေရတာ ပါပဲ။ သူ့ဆန်စားမှတော့ သူပြုသမျှ နုရတော့မှာလေ။ ဒီလို
ဖြစ်တာ ကြာလာတော့လည်း အရေထူလာတယ်လို့ပဲ ပြောရတော့မှာ ပေါ့”ဟု ၎င်းက ပြောသည်။
“ဒီအချိန်က ဒီလိုဘဲ ဖြစ်တတ်ပါ တယ်။ တရုတ်တွေ စပါးပေါ်ချိန်ရောက်ပြီဆိုရင် ဈေးကောင်းရအောင် မြန်မာနိုင်ငံကနေ တရား
မ၀င်တင်သွင်းတဲ့ ဆန်တွေကို ဖမ်းတယ်။ ဒါမှလည်း သူတို့ဆန်တွေ ဈေးကောင်းရမှာလေ”ဟု မူဆယ်မှ ဆန်ကုန်သည်တစ်ဦး
က ပြောသည်။
မြန်မာအစိုးရသစ် လက်ထက်တွင် တရုတ်နိုင်ငံသို့ တရားဝင် ကုန်သွယ်ခွင့်ရပြီး နောက်ပိုင်း၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ရက်တွင်
တရုတ်ပြည်ရွှေလီမြို့နှင့် မန်စီမြို့အ၀င်လမ်းများတွင် အဆိုးရွားဆုံးဖမ်းဆီးမှုအား ခံခဲ့ရပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများအား
သိမ်းဆည်းခြင်း၊ လူအား ဖမ်းဆီးခြင်းနှင့် ဆန်တင်ကုန်ကားများအား တရုတ်အာဏာ ပိုင်များက တစ်လကြာ ထိန်းသိမ်းထား
ခြင်းများ ပြုလုပ်ခဲ့သည်။
မန္တလေး ဆန်စပါးအသင်းပြန်ကြားရေး တာဝန်ခံဦးစိုင်းကျော်က “သူတို့ဆီက စပါးပေါ်ချိန်ဆိုတော့ သူတို့ စပါးဈေးကောင်းရ
အောင် လုပ်တာလေ။ နောက် တော့လည်း ပြန်ဝယ်မှာဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံမှာ လိုအပ်ချက်များတယ်လေ။ ဒါ့
ကြောင့် အချိန်အတိုင်းအတာအထိတော့ ကိုယ့်ဘက်က စောင့်ရမှာဘဲလေ။
သူတို့နဲ့ လက်တွဲဖြုတ်နိုင်တဲ့ အခြေအနေမရှိ သေးသ၍ ဒီလိုဘဲရပ်တည်နေရဦးမှာပါ” ပာုပြောသည်။ မူဆယ်တွင် ယခုလက်
ရှိအချိန်၌ ဆန်ဈေးအရောင်းအ၀ယ်အေးလျက်ရှိပြီး ဆန်ကွဲ၊ ပြောင်းများသာ အ၀ယ်လိုက်မှုရှိကြောင်းနှင့် ဆန်အရောင်းအ
ဝယ်ဈေးကွက် မှာ အောက်တိုဘာလကုန်အထိ ဆက်လက်အေးစက်နိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အ သွေးစစ်ဆေးရေး AQSIQ ၀န်ကြီးနှင့် မြန်မာနိုင်ငံ ဆန်စပါးအရည်အသွေးပိုင်းနှင့် စစ်
ဆေးရေးပိုင်းဆိုင်ရာ စာချုပ်ကို လည်းကောင်း၊ တရုတ်နိုင်ငံ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးနှင့် လယ်ယာကဏ္ဍပူးပေါင်းဆောင်
ရွက်ရေးနှင့် လယ်ယာ သီးနှံ ဈေးကွက် ရရှိရေး စာချုပ်ကိုလည်းကောင်း အသီးသီး လက်မှတ်ရေးထိုး ပြီးဖြစ်သော်လည်း မူ
ဆယ်ရှိ လက်ရှိအခြေအနေများအား တစ်ရက် နှစ်ရက် အတွင်း ဖြေရှင်းနိုင်မည် မဟုတ်သေးကြောင်း၊ စပါးပေါ်ချိန်အမီ အောင်
မြင်စွာဆောင်ရွက်နိုင်ရန် အသင်းချုပ် အနေဖြင့် ဆက်လက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆန် စပါး အသင်း ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ၎င်း၏ ဖေ့ဘွတ်ခ် စာမျက်နှာပေါ်တွင် ဖော်ပြထားချက်
အရ သိရသည်။
- စိုးစိုးယု
Ref; The Farmer Media
L
မြန်မာနိုင်ငံစိုက်ပျိုးရေး

မြန်မာနိုင်ငံစိုက်ပျိုးရေး

သမန်းမညီဘဲကျဲခင်းများသာဖြစ်လာပါက၀င်ငွေများ ဆက်လက်ကျဆင်းလာစေမည်
သမန်းမညီခြင်းနှင့် အပင်ကြီးထွားမှုအလိုက်စနစ်တကျ ရေသွင်းရေထုတ်နိုင်ခြင်းမရှိဘဲ ကျဲခင်းများဖြင့်သာစိုက်ပျိုး
ပါကစပါးအထွက်နှုန်းကိုလျော့ကျစေပြီး နောက်ဆက်တွဲရလဒ်အဖြစ်လယ်ယာလုပ်ငန်းလုပ်ကိုင်သူတို့၏၀င်ငွေများ
ကိုဆက်လက်ကျဆင်းလာစေမည်ဖြစ်ကြောင်း သိရသည်။ကာယ၊ ဉာဏအားကိုပေါင်းစပ်လုပ်ရသည့် လယ်ယာ
လုပ်ငန်းတွင်လုပ်ငန်းသဘာဝနှင့်ကိုက်ညီသည့်ကျွမ်းကျင်သော လယ်ယာလုပ်သားရှားပါးခြင်းက ကျဲခင်းများ
ဖြစ်လာစေခြင်း၏ အဓိကအကြောင်း အရင်းတစ်ရပ်ဖြစ်သည်။
ယခင်က စပါးစိုက်ရာတွင် ပျိုးထောင်၊ ကောက်နုတ်၊ ကောက်စိုက်ဟူ၍ စနစ်တကျအဆင့်ဆင့်စိုက်ပျိုးခဲ့ကြသော်
လည်း ယခုအခါကျွမ်းကျင်သော လယ်ယာလုပ်သားရှားပါးမှုနှင့် ကောက်စိုက်သူရှားပါးလာမှုကြောင့်စိုက်ပျိုးမည့်
လယ်ကွက်တွင်တိုက်ရိုက်ပျိုးကြဲစိုက်ပျိုးသောနည်းစနစ်ကို လယ်သမားများက အလွယ်အသုံးပြု စိုက်ပျိုးလာကြ
ခြင်းဖြစ်သည်။
ကျဲခင်းများလာခြင်းကြောင့် လယ်ယာလုပ်သားတို့၏ အလုပ်ဆင်းရသည့်ရက်ကို လျော့နည်းလာစေသည်။
“၀င်ငွေက အများကြီးကွာသွားတယ်။ တစ်ရာသီဆိုရင် ခါတိုင်း ရက် ၄၀၊ ရက် ၅၀ လောက်စိုက်ရတယ်။ အခုဆို
ရင်တော့ တစ်လတောင်ပြည့်ချင်မှ ပြည့်တော့မယ်။ တစ်နေ့အသုံးစရိတ်က ကျပ် ၄,၀၀၀ လောက်ပေါ့။
အကုန်ဝယ်စားရတာပဲ။ အဓိကက စားဖို့အတွက် ကုန်တာများတယ်”ဟု ရင်းငြိမ်တောင်ဘက်ကွင်းမှ မိသားစု
ငါးဦးရှိသူ အသက် ၃၅ နှစ် အရွယ်မနွဲ့က ပြောသည်။
မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုအရ မြေဆီမြေနှစ်ကောင်းမွန်ပြီး မုတ်သုံရရှိသော ရင်းငြိမ်တောင်ဘက်ကွင်း
မှာ ဧက ၁,၀၀၀ ရှိသော်လည်း ဧက ၇၀၀ ခန့်မှာ ကျဲခင်းများသာဖြစ်လာကြောင်း သိရသည်။
“အလုပ်သမား အခက်အခဲဖြစ်တယ်ဆိုတာက အလုပ်သမားတွေက အရင်ကလိုမဟုတ်ဘူး။ အရင်ကဆိုရင် ငါးနာရီ လောက်ဆိုရင်စိုက်ပြီ။ အခုကခြောက်နာရီ ကျော်ကျော်မှအလုပ်ဆင်းတယ်။ ညနေဆိုရင် ငါးနာရီမထိုး
ဘူး ပြန်ပြီ။ ငါးနာရီဆိုတာ နေက အမြင့်ကြီးရှိသေးတယ်။
“အခုဆိုရင် နေ့စားခက တစ်နေ့ကို ကျပ် ၃,၅၀၀ ပေးရတယ်။ အချိန်ကလည်း အရင်က မိရိုးဖလာအလုပ်ချိန်
ထက် အများ ကြီးကွာတယ်။ လက်ရှိလယ်ကြီးတစ်ခွင် လုံးကိုလုပ်ဖို့ အလုပ်သမားဘာကြောင့် ရှားတာလဲဆို
တော့ အခုအရွယ်ရောက်တာနဲ့ သူများနိုင်ငံကိုသွားကုန်ကြပြီ။
ဒီမှာ သုံးလို့မရတဲ့လူတွေလောက်ပဲ ကျန်တယ်”ဟု ရင်းငြိမ်တောင်ဘက်ခြမ်းမှ လယ် ၁၀ ဒသမ ၅ ဧကစိုက်
သော တောင်သူ ဦးပန်းအေးက ပြောသည်။
အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေများကို ကျပ်တစ်သိန်းအထိ တိုးပေးခဲ့သော် လည်း ၀င်ငွေထွက်ငွေမမျှသဖြင့်
အစိုးရချေးငွေမှာ လယ်ယာလုပ်ငန်းတွင် အပြည့်အ၀အသုံးချနိုင်ခြင်းမရှိကြောင်း သိရသည်။
“လက်ရှိရှည်ရှည်ဝေးဝေးဘာမှမပြောချင်ဘူး။ စပါးဈေးနဲ့ကုန်ကျစရိတ်က ဘယ်လိုမှမမျှဘူး”ဟု ဦးပန်းအေး
က ဖြည့်စွက်ပြောသည်။
ယင်းဒေသတွင် ရွှေဝါထွန်း၊ နဂါးယား စသည့်မျိုးများကိုအစိုက်များပြီး တစ်ဧကအထွက်နှုန်းမှာ ပျှမ်းမျှ တင်း
၅၀ ခန့်ရှိကြောင်း သိရသည်။
စပါးပင်များကို အထောက်အကူဖြစ်စေရန်အတွက် မညီညာသောစိုက်ပျိုးမြေများကို ပြုပြင်လိုသော်လည်း
ဘူဒိုဇာငှားရမ်းခမှာတစ်နာရီလျှင် ကျပ်တစ်သိန်းခန့်ရှိပြီး စနစ်တကျလုပ်ကိုင်မပေးမည်ကိုလည်းတောင်သူ
များ ကြောင့်ကြမှုများရှိကြောင်း သိရသည်။
ကောက်ပင်များ နေရောင်ခြည်နှင့် အောက်ဆီဂျင်အလုံလောက်ရရှိပြီးပင်ပွားများကာ အထွက်နှုန်းတိုးတက်
စေမည့် စနစ်တကျ ပျိုးထောင်မစိုက်ပျိုးနိုင်ပဲ မဖြစ်မနေကျဲခင်းဖြင့်သာ စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းကို
မထိခိုင်စေရန် သမန်းညီစေရန်နှင့် ရေသွင်းရေထုတ် ကောင်းမွန် အောင် ဆောင်ရွက်သွားရန်လိုကြောင်း
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှဆန်စပါးပညာရှင် ဒေါက်တာမင်းအောင်က အကြံပြုသည်။
“အမှန်တော့ ကျဲခင်းများလာတာနဲ့ အမျှ စနစ်တကျမလုပ်နိုင်ရင်အထွက် လျော့သွားနိုင်တယ်။ ပျိုးထောင်
ကောက် စိုက်လုပ်ငန်းမှာကောက်စိုက်သမရှားလာတော့ လယ်သမားတွေ မတတ်သာလို့ လုပ်ရတာပေါ့”
ဟုဒေါက်တာမင်းအောင် က ပြောသည်။
စိုက်ပျိုးရေး(အိန္ဒိယနိုင်ငံ)

စိုက်ပျိုးရေး(အိန္ဒိယနိုင်ငံ)

စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်ရေးအတွက် အိန္ဒိယက စီမံချက်များစွာ ချမှတ်ဆောင်ရွက်
စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍတို့သည် ၂၀၁၃-၁၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ဂျီဒီပီ၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးခဲ့သည်ဖြစ်ရာ ယခုအခါ အစိုးရက စိုက်ပျိုးရေးရာထုတ်လုပ်မှု တိုးတက်စေရေးအတွက် စီမံချက်များစွာ ချမှတ်ဆောင်ရွက်လိုက်သည်။
အဆိုပါ စီမံချက်များတွင် အရည်အသွေးမြင့် မျိုးစေ့များထုတ်လုပ်ရေး၊ သိုလှောင်မှုစွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဓာတ်ခွဲခန်းနှင့် ကွင်းဆင်းသုတေသန အကျိုးရလဒ် များအား တောင်သူထံသို့ ရောက်ရှိစေအောင် ဆောင်ရွက်ရေးတို့ ပါဝင်သည်။
“အော်ဂဲနစ်စိုက်ပျိုးရေး ကျင့်သုံးမှု မြှင့်တင်ရေးနဲ့ ဓာတုသွင်းအားစုတွေအပေါ် မှီခိုမှု လျှော့ချရေးအတွက် အစိုးရက မြေဆီလွှာထိန်းသိမ်းရေးကတ်ပြားကို ထူထောင်
ခဲ့ပါတယ်”ဟု အိန္ဒိယ စိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီး ရာဒါမိုဟန်ဆင်းက ရှင်းလင်းပြောကြားသည်။
မြေဆီလွှာ ထိန်းသိမ်းရေးကတ်ပြား စီမံချက်နှင့် စပ်လျဉ်းပြီး တင်ပြရာ၌ ၎င်းက အဆိုပါကတ်ပြားများကို ယခုနှစ်အတွင်း တောင်သူ သန်း ၃၀ ထံသို့ ထုတ်ပြန်ပေး
သွားမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်နှစ် အတွင်း ကတ်ပြား သန်း ၅၀ ခန့် ဆက် လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြေဆီစမ်းသပ်ရေး ရွေ့လျား ဓာတ်ခွဲခန်း ၁၀၀ ခန့်ကိုလည်း ယခု နှစ်အတွင်း နိုင်ငံတစ်ဝှမ်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၁၄ သြဂုတ်လအတွင်း မြေသြဇာသစ် ငါးမျိုးကို ထုတ်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်သဖြင့် တောင်သူများလိုအပ်သည့် အပင် အာဟာရဓာတ်ကို ရရှိနိုင်တော့မည်ဖြစ် ကြောင်း ဆင်းက ပြောသည်။
ဥယျာဉ်ခြံသီးနှံကဏ္ဍ စီမံချက်များကို ရှင်းလင်းရာ၌ အရောင်တင်မှုန့်အထူးဇုန် တစ်ရပ်ကို ပန်ပိုရီ၌ ဖော်ဆောင်ပေးခဲ့သဖြင့် အရောင်တင်မှုန့် ထုပ်ပိုးစီမံမှု၊ လေလံဆွဲမှု
တို့ကို ယင်းဇုန်တွင် လုပ်ဆောင်နိုင်တော့မည်ဟု ၎င်းက ဆိုသည်။ ချာမန်ဟု အမည်ပေးထားသည့် စီမံချက်ကို ဖော်ဆောင်ခဲ့သဖြင့် ဥယျာဉ်ခြံသီးနှံများကို အဝေးထိန်း
အာရုံခံစနစ်ဖြင့် အရပ်ဒေသခွဲခြားနိုင်တော့မည် ဖြစ်သည်။
အင်ဒို-ဒက်ခ်ျ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအရ ပန်ဂျက်၊ မဟာသျှတ္တရနှင့် ကီရာလာပြည်နယ်တို့ရှိ မြို့အသီးသီး၌ အဆင့်မြင့်စင်တာများ တည်ဆောက်ပေးခဲ့ရာ သစ်သီးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးခေတ်မီနည်းစနစ်များကို ဖော်ဆောင် နိုင်လိမ့်မည်ဟု ၎င်းက ပြောကြားသည်။
၂၀၁၄ အမျိုးသား စိုက်ပျိုးရေးနှင့် သစ်တော မူဝါဒအရ သစ်၊ စားနပ်ရိက္ခာ၊ လောင်စာဆီ၊ တိရစ္ဆာန်စာ၊ မြေသြဇာ၊ ဖိုက်ဘာနှင့် အခြားလယ်ယာနှင့် သစ်တော ထုတ်ကုန်များအတွက် စဉ်ဆက်မပြတ်မြင့်တက်လာသည့် ၀ယ်လိုအားကို ဖြည့်တင်းပေး မည့် လယ်ယာစနစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဆင်းက ပြောဆိုသည်။ ထိုစီမံချက်က သဘာဝရင်းမြစ်နှင့် သစ်တောများကို ထိန်းသိမ်းကာ သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးပြီး ပတ်ဝန်းကျင် လုံခြုံရေးအား ဖြစ်ပေါ်စေလိမ့်မည်ဟု ဆင်းက ပြောသည်။
အစိုးရသည် မိုးခေါင်ရေရှားမှုဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရေး ဖြစ်နိုင်ဖွယ်နည်းလမ်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သလို မိုးရေချိန် ၅၀ ရာခိုင်နှုန်း ချို့တဲ့ရာဒေသများသို့ ဒီဇယ်နှင့် မျိုးစေ့ ၅၀ ရာခိုင်နှုန်းထောက်ပံ့သွားရေး စီမံချက်ကိုလည်း ကြေညာခဲ့သည်။ တိရစ္ဆာန်စာ အလွယ်တကူ ရရှိမှုအတွက် ရူပီး ၇၀ ဘီလျံကိုလည်း ထပ်လောင်းသုံးစွဲခဲ့သည်ဟု ဆင်းက ထည့်သွင်းပြောကြားခဲ့သည်။
ကုန်ထုပ်လုပ်မှုနှင့် တောင်သူဝင်ငွေ ကောင်းမွန်စေမှု အာမခံချက်အတွက် အဆိုပါစီမံချက်များစွာကို ပြည်နယ်အစိုးရ များနှင့် ညှိနှိုင်းတိုင်ပင်ကာ စတင်နိုင်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
- ဝေယံဟိန်း (B.Ag) (Source : Times of Oman)
စိုက်ပျိုးရေး

စိုက်ပျိုးရေး

သီးနှံအထွက်တိုးစေရန် အားထားစရာ သဘာဝမြေသြဇာသီးနှံပင်များ အသက်ရှင်ကြီးထွားရန်နှင့် မျိုးဆက်ပြန့်ပွားရေးအတွက် အာဟာရ ဓာတ် ၁၆ မျိုး လိုအပ်သည်။ အဆိုပါ လိုအပ်သည့်ဓာတ်များကို လေနှင့် မြေကြီးမှ စုပ်ယူသည်။ ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင်တချို့ကို လေမှ စုပ်ယူပြီး ကျန်နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပို တက်စီယမ်နှင့် အနည်းလိုအာဟာရဓာတ် များကို မြေကြီးမှ စုပ်ယူသည်။စပါးရင့်မှည့်ချိန်တွင် ကောက်ရိုးနှင့် ရိုးပြတ်များသည် မြေကြီးထဲမှ နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထုတ်နုတ်သုံးစွဲသွားသည်။ဤကဲ့သို့ သီးနှံပင်များက မြေကြီးထဲရှိ အာဟာရဓာတ်များကို စုပ်ယူသွားသည့်အတွက် မြေကြီးထဲတွင် အဟာရဓာတ်များ တဖြည်းဖြည်းလျော့ နည်းသွားသည်။ စပါးသီးနှံတွင် ရိတ်သိမ်းပြီး ရိုးပြတ်နှင့် ကောက်ရိုးကို မီးရှို့ပစ်ပါက နိုက်ထရို ဂျင်အားလုံးဆုံးရှုံးသွားသည်။ ထို့အတူ ဖော့စဖရပ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖာ ၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း၊သွပ်ဓာတ်နှင့် ဆီလီကာဓာတ်များလည်း ဆုံးရှုံးသွားသည်။ သို့အတွက် တချို့နိုင်ငံများတွင် ရိုးပြတ်ကို မီးရှို့မပစ်ရန်တားမြစ်လျက်ရှိသည်။သီးနှံပင်များက ထုတ်နုတ်စုပ်ယူသွားသည့်အတွက် ကုန်ခန်းသွားသော အဟာရဓာတ်များကို ပြန်လည်ဖြည့်ဆည်းမပေးပါက အဟာရဓာတ်ခန်းခြောက်သွားပြီး မြေ ကြီးပျက်သုဉ်းသွားသည်။ ဤအဖြစ်အပျက်မျိုးကို လယ်သမားကြီးများက မြေကန်း သွားသည်ဟု ခေါ်ကြသည်။ယခုခေတ်ကဲ့သို့ သီးထပ်၊ သီးညှပ် များများ စိုက်ပျိုးသောအခြေအနေတွင် အာဟာရဓာတ်များ ပြန်လည်ဖြည့်စွမ်းပေးပြီး မြေကြီးကို အားဖြည့်ပေးရန် ပိုမိုလိုအပ် သည်။ အာဟာရဓာတ်များ ပြန်လည်ဖြည့်စွမ်းသည့်အခါ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့်ပိုတက်စီယမ်များအတွက် ဓာတ်မြေသြဇာ များကို ထည့်ပေးခြင်းက ပိုမိုထိရောက် သည်။ ကျန်အနည်းလို အာဟာရဓာတ်များအတွက် သဘာဝမြေဆွေး၊ မြေသြဇာများ ကို ထည့်ပေးပါက ပို၍အကျိုးရှိသည်။ဓာတ်မြေသြဇာများကို သုံးသည့်အခါ ဓာတ်မြေ သြဇာတစ်မျိုးတည်း ဆက်တိုက်သုံးပါက ရေရှည်တွင် မြေဆီလွှာပျက်စီးပြီး၊သီးနှံ အထွက်ကျစေသဖြင့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကို အချိုးညီညီရောစပ် အသုံးပြုရန် လိုအပ်သည်။ဤသို့ဆိုလျှင် သဘာဝမြေသြဇာများများရရှိရန် လိုအပ်မည်ဖြစ်သည်။ထို့ကြောင့်သဘာဝမြေသြဇာများများရနိုင်သည့် နည်း လမ်းကောင်းများကို တင်ပြပါမည်။ သဘာဝမြေသြဇာရရှိနိုင်သောအခြေခံအရင်းအမြစ်များမှာ တိရစ္ဆာန်အညစ် အကြေး၊ နွားချေး၊ ကြက်ချေး၊ ၀က်ချေး၊ ဘဲချေး၊ လင်းနို့ချေး၊ ငါး၊ ပုစွန်၊ ခရု၊ဂဏန်း စသည့် ခန္ဓာကိုယ်အကြင်းအကျန်းများ၊ တိရစ္ဆာန်အရိုးမှုန့်များ၊ ““ကျေးရွာအမှိုက်၊ လယ်ယာမြေရတနာသိုက်”ဆိုသည့် အတိုင်း ကျေးရွာမှထွက်သည့် အမှိုက် သရိုက်များ၊ သီးနှံပင်အကြင်းအကျန်၊ ကောက်မှော်၊ ပဲမှော်၊ နှမ်းမှော်၊ ပြောင်းရိုး၊ပဲရိုး၊ ပဲဖတ်၊ နှမ်းဖတ်၊ ကြက်ဆူကြိတ်ဖတ်၊ ဖွဲနု၊ ဆန်ကွဲ၊ သဘာဝကျောက်များမှထွက် သည့် ဂျစ်ပဆန်ကျောက်မှုန့်နှင့် လကြေးကျောက်မှုန့်များ၊ မြစ်၊ ချောင်း၊ အင်းအိုင် များရရှိနိုင်သည့် နုန်းများ၊ သစ်စိမ်းမြေသြ ဇာအပင်များ၊ ဗေဒါများ၊ ဒိုက်များအားလုံးသည် သဘာဝမြေသြဇာများဖြစ်ကြသည်။သီးနှံအမှော်၊ အမှိုက်၊ အရိုးများ၊ ကျေးရွာအမှိုက်များကို အီးအမ်ဖျော်ရည်နှင့် ဘို ကာရှီ မြေဆွေးပုံပြုလုပ်၍ မြေဆွေးကို ဆပွားနိုင်သည်။ နွားချေး၊ ဖွဲနု၊ စပါးခွံနှင့် အီးအမ်ဖျော်ရည်ရောစပ်ပြီး စူပါဘိုကာရှီ ပြု လုပ်ပါကလည်း မြေဆွေးများများ ရရှိနိုင်သည်။ဝါးရုံပင်အောက်မှ သဘာဝမြေဆွေးနှင့် နွားချေး၊ သစ်ရွက်ဆွေး၊ ဖွဲနုနှင့်ရောပြီး မြေဆွေးပြုလုပ်ပါက သဘာဝမြေဆွေးများများပွားနိုင်သည်။ အိန္ဒိယပြည်တွင် ၁၉၅၄ ခုနှစ်ကစပြီး မြို့ပြအမှိုက်များကို သဘာဝမြေသြဇာ အဖြစ် တစ်နှစ်မက် ထရစ်တန်နှစ်သန်း ကျော်ထုတ်လုပ်ပြီး သီးနှံအထွက်တိုးရေး အတွက် ဖြန့်ဖြူးပေးလျက်ရှိသည်။ထို့အတူ တရုတ်ပြည်တွင် လူ၊ တိရစ္ဆာန်အညစ် အကြေးနှင့် နုန်းများကို စနစ်တကျရောစပ် ၍ နှစ်စဉ်သဘာဝမြေသြဇာတန်ဘီလျံသန်းနှင့် ချီ၍ ထုတ်လုပ်ပြီး သီးနှံအထွက်တိုးရေးကို အသုံးပြုလျက်ရှိသည်။ဆန်ကွဲ၊ ဖွဲနုကို မြေယာပြုပြင်သည့် အချိန်တွင် တစ်ဧက လေးပြည်နှုန်း ကြဲပက်ပေးပါက သက်ရှိအနုဇီဝများ ပွားများအားကောင်းစေပြီး သီးနှံပင် အကြင်းအကျန် ဆွေးမြည့်မှုမြန်စေသည်။ မြေဆွေးဓာတ် တက်စေသည်။ “မြေတန်ဆန်ပက်”ဟုလယ်သမားကြီးများက ဆိုကြသည်။နောက်တစ်နည်းမှာ နွားချေးကို ကျင်းစနစ်ဖြင့် စနစ်တကျ သိုလှောင်ခြင်းဖြစ် သည်။ နိုင်ငံတော်တော်များများတွင် နွားချေးကိုကျင်းစနစ်ဖြင့် စနစ်တကျသိုလှောင်ပြီး တန်ဖိုးရှိရှိ အသုံးပြုကြသည်။ မြန်မာ လယ်သမားများသည် နွားချေးစနစ်တကျ သိုလှောင်ခြင်း မပြုဘဲ မိုးရွာအစို၊ နေပူ အခြောက်ပစ်ထားသဖြင့် အသုံးပြုချိန်တွင် အာဟာရမရှိသော နွားချေးခြောက်သာ ဖြစ်နေသည်။တန်ဖိုးမရှိ၊ အကျိုးမများလှပေ။ သို့အတွက် နွားချေးစနစ်တကျ သို လှောင်ရန်အတွက် လယ်သမားကြီးများ၏ ရှိပြီးနွားတင်းကုပ်ဘေးတွင် အကျယ် ၁၀ ပေ၊ အနက် လေးပေကျင်းတူးပါ။ တူး၍ ရရှိသောမြေစာများကို မိုးရေမ၀င်စေရန် ပတ်လည် ကန်သင်းဖို့ထားပါ။ကျင်းအပေါ်မှ အမိုး မိုးပေးထားရန် လိုအပ်သည်။ ကျင်းထဲသို့ နေ့စဉ်ရရှိသည့် နွားချေး၊ နွားသေး၊ စားခွက်ကျန်နွားစာများ၊ နွားခွာစာခင်းကောက်ရိုး၊ အမှိုက်သရိုက်အားလုံး ထည့်ပေးပါ။ တစ် ပတ်လျှင် တစ်ကြိမ် ဆန်ကွဲ၊ ဖွဲနု၊ တစ်ပြည်ခန့်ပက်ပေးပြီး၊အီးအမ်ဖျော်ရည်ဖျန်းပေး ပါ။ ဤသို့ဖြင့် နေ့စဉ်ရရှိသော နွားချေး၊ နွားသေး၊ အမှိုက်များကို စုဆောင်းပါ။ သီးနှံစိုက်ချိန်ရောက်လျှင် ကျင်းထဲမှ အာဟာရပြည့်တန်ဖိုးရှိသည့် နွားချေးမြေဆွေးကို လယ်ထဲချပေးရန်ဖြစ်သည်။ နွားချေးကျင်း စနစ်သည် သုံး၍မကုန်နိုင်သော မြေဆွေး စက်ရုံတစ်ရုံ မိမိအိမ်ဘေးတွင် တည်ထား ဘိသကဲ့သို့ အကျိုးများနိုင်သည်။သဘာဝမြေဆွေး လွယ်လွယ်ရရှိနိုင် သောနည်းတစ်နည်းမှာ မိမိအိမ်တွင် တစ် နိုင်တစ်ပိုင် တီကောင်မွေးမြူထားပါက တီကျစ်စာမြေဆွေးကို လွယ်လွယ်ရရှိနိုင် သည်။ နိုင်ငံတကာတွင် လယ်မြေ၊ ယာမြေ များကို နုန်းထည့်ပေးခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြသည်။ မြစ်ချောင်း၊ အင်းအိုင်များ၊ ရေငန်တက် သော ချောင်းများတွင် သဘာဝအလျောက် အာဟာရတန်ဖိုးပြည့်ဝအောင် စုဆောင်း ပေးထားသော နုန်းများ များစွာရရှိနိုင်သည်။နုန်းထည့်ခြင်းသည် ဓာတ်မြေသြဇာအသင့် အတင့်သုံးခြင်းဖြင့် သီးနှံအထွက်တိုးစေနိုင်သည်။ သို့အတွက် “အလွယ်ကူဆုံး၊အဖိုး တန်နုန်း၊ အကျိုးရှိစွာသုံး””ဟု တိုက်တွန်း လိုပါသည်။ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ် နိုင်ငံများတွင် မြစ်ချောင်းအင်းအိုင်များမှ နုန်းကို လယ်အတွင်းသို့ ရေစုပ်စက်ဖြင့် စုပ်တင်ကြသည်။တချို့နုန်းကို စုပ်တင်ပြီး သီးသန့် စုဆောင်းကြသည်။ စုဆောင်းရရှိသောနုန်းများကို နွားချေး၊ မြေဆွေး၊ သစ်ရွက် ဆွေး၊ သီးနှံအမှော်အမှိုက်များနှင့် ရောနှပ် ထားပြီး သဘာဝမြေဆွေးအဖြစ် တွင်တွင် ကျယ်ကျယ် အသုံးပြုလျက်ရှိကြသည်။ ၁၉၇၇ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာအရ နုန်းနှင့် သဘာဝမြေသြဇာ အသုံးပြုသဖြင့် နှံစားသီးနှံတစ်ဟက်တာမှ ၁၅,၄၈၀ ကီလိုဂရမ်ထွက်ရှိကြောင်း ဖော်ပြထားသည်။သဘာဝမြေသြဇာများများ ရရှိနိုင် သော တခြားတစ်နည်းမှာ သစ်စိမ်းမြေသြ ဇာကျွေးခြင်းပင်ဖြစ်သည်။ သစ်စိမ်းမြေသြဇာအဖြစ် အဇိုလာ ရေကျောက်ခက်၊ ညံပင်၊ ပိုက်ဆံလျှော်ပင်၊ ပဲလွမ်း၊ ပဲတီစိမ်း၊ ဒန့်ကျွဲ၊ ဘောစကိုင်း၊ ကုက္ကို၊ ဗေဒါစသည့်အပင် များဖြစ်သည်။ ဗေဒါပင်တွင် ကယ်လ်စီယမ်ဓာတ် ၃၈ ရာခိုင်နှုန်းထိ ပါဝင်ကြောင်း တွေ့ရသည်။အဇိုလာရေကျောက်ခက်ကို မြန်မာ နိုင်ငံရှိ ရေအိုင်၊ ရေဆိုးမြောင်းများတွင် များစွာပေါက်ပွားလျက်ရှိသည်ကို တွေ့ရသည်။ အဇိုလာတွင် နိုက်ထရိုဂျင်ဓာတ် သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် သစ်ဆွေးဓာတ် ၄၈ ရာခိုင်နှုန်းပါဝင်သည်။ အဇိုလာကို တစ်ဧကနှစ် တန်နှုန်းထည့်ပေးလျှင် နှစ်ပတ်အတွင်း အဇိုလာ အစိုရှစ်တန်အထိ ပွားနိုင်ပြီး ယူရီးယား ၃၅ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်ဓာတ်အပြင် သစ်ဆွေးဓာတ်လည်း ရရှိသည်။အဇိုလာကို သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုသည့်အတွက် ဖိလစ်ပိုင်နိုင်ငံတွင် စပါးအထွက် နှစ်ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၁၉၇၇ ခုနှစ် စမ်းသပ်တွေ့ရှိချက်အရ စပါးအထွက် ငါးရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းတိုးတက်ထွက်ရှိကြောင်း တွေ့ရသည်။သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်သော အပင်များ၏ အာဟာရဓာတ်ပါဝင်မှု ကို လေ့လာကြည့်လျှင် ပိုက်ဆံလျှော်ပင်တွင်နိုက်ထရိုဂျင် ၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၉၁ ရာခိုင်နှုန်းပါဝင်ပြီး ပိုက်ဆံလျှော်တစ်ဧက အစိုခုနစ် တန် ထည့်ပါက ယူရီးယား ၁၆၈ ပေါင်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်ကို ရရှိသည်။တစ်ဧက စပါး ၁၀၄ တင်းထွက်ရှိကြောင်း တွေ့ရသည်။ ညံပင်တွင် နိုက်ထရိုဂျင်ဓာတ်ကို ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်သုည ဒသမ ၂၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် သုညဒသမ ၉၅ ရာခိုင်နှုန်း ပါဝင်သည်။ ညံပင် အစိုတစ်ဧက ၅ ဒသမ ၄ တန်ထည့်သွင်း ပါက ယူရီးယား ၁၆၈ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်ရရှိပြီး စပါးတင်း ၁၀၂ တင်း ထွက်ရှိသည်။ ကုက္ကိုရွက်တွင် နိုက်ထရိုဂျင် ၃ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် သုည ဒသမ ၂၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ ဒသမ ၃၂ ရာခိုင် နှုန်းပါဝင်သည်။ကုက္ကိုက်ရွက်စို တစ်ဧက ခြောက်တန်ထည့်သွင်းပါက ယူ ရီးယား ၁၉၂ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်ရရှိပြီး စပါး ၁၀၆ တင်းထွက်ရှိသည်။ သစ်စိမ်းမြေသြဇာအဖြစ် အပင်များကို အသုံးပြုပါက မြေဆီလွှာ၏ ဂုဏ်သတ္တိပါ ပြောင်းလဲစေနိုင်ပြီး အာဟာရတန်ဖိုးလည်း တက်စေနိုင်သည်။သို့ပါ၍ သီးနှံများ အထွက်တိုးစေရန်နှင့် အထွက်နှုန်းများ တည်တံ့တိုးပွားစေရန်အတွက် ဓာတ်မြေသြဇာသာမက သဘာဝမြေသြဇာများကိုလည်း အလေးထား၍ ဂရု ပြုသုံးစွဲကြရန် လိုအပ်ပေသည်။- အောင်ဆန်း (စိုက်ပျိုးရေး)