သိန်း၁၀၀ နဲ့ဘာလုပ်ငန်းလုပ်လိုက်ပါဆိုတာ ပြီးစလွယ် ပေးလို့ရတဲ့ အကြံမျိုး မဟုတ်ရပါ။ ပြီးစလွယ် ဆေးမြီးတို ပြောရင် ပညာမဲ့ရာကျသလို အန္တရယ်လည်းများလို့ ပြောပိုင်ခွင့်လည်း မရှိပါဘူး။ ဒါကြောင့် ဆေးမြီးတိုတွေပေးပြီး မျြောက်မပေးလိုပေမယ့် စီးပွားရှင် ဦးမြင့်ထွန်းအတွက် သတင်းကောင်းက မပြည့်စုံမှုများဟာ ကိုယ့်လုပ်ငန်းကို သူများနဲ့ မတူအောင် ဖန်တီးပေးမယ့် စိန်ခေါ်ချက်များ ဖြစ်နိုင်ပါတယ်။
အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဖြစ်ဖို့ရာမှာ ရင်းနှီးငွေပမာဏက အလွန်အရေးပါပေမယ့် ဒါက လိုအပ်ချက်များစွာထဲက တစ်စိတ်တစ်ပိုင်းပါ။ အဓိကက အကြံကောင်းဖို့လိုပါတယ်။ အကြံကောင်းရင် ငွေငါးသောင်းနဲ့ လည်း စလို့ ရကောင်း ရနိုင်ပါလိမ့်မယ်။ စီးပွားရှင်တစ်ယောက်အနေနဲ့ အမှန်တကယ် စိတ်အားထက်သန်တယ်ဆိုရင်တော့ အောက်ပါအချက်များကို စနစ်တကျ ထည့်သွင်း စဉ်းစားကြည့်နိုင်ပါတယ်။
(၁) The one I can do.
ကိုယ် လုပ်နိုင်တဲ့အရာဖြစ်ရပါမယ်။ လုပ်ငန်းသဘာဝကို ကိုယ် သိနားလည် နေရပါမယ်။ လုပ်နိုင်တဲ့အရာဆိုတာက ဥပမာ တိုက်ဆောက်ဖို့စဉ်းစားတဲ့အခါ ကိုယ်တိုင်မဆောက်တတ်တောင် တိုက်ဆောက်တဲ့လုပ်ငန်းသဘာဝကို နားလည်ပီး တိုက်ဆောက်တတ်သူကို ရှာဖွေ ငှားရမ်း လူကိုကော ပညာကိုပါ ကိုယ့်လုပ်ငန်းအောင်မြင်အောင် စီမံခန့်ခွဲ နိုင်ရပါမယ်။ စီးပွားရှင်တစ်ဦးအနေနဲ့ စီမံခန့်ခွဲနိုင်စွမ်းရည် မဖြစ်မနေလိုပါတယ်။ ပြောချင်တာက ကိုယ်လုပ်ငန်းလုပ်တော့မယ်ဆိုရင် စီမံခန့်ခွဲနိုင်စွမ်းရည် အခြေခံ လေ့လာဖြည့်ဆည်းပါ။ ကိုယ်တကယ်လုပ်တော့မယ့်လုပ်ငန်းမှန်ရင် သဘောသဘာဝကို အရင် သေချာပိုင်နိုင်အောင် လေ့လာလိုက်ပါ။
(၂) The one I want to do.
ကိုယ် လုပ်ချင်တဲ့အရာလည်း ဖြစ်ရပါမယ်။ လုပ်ငန်းစတင်စဉ်မှာ စိတ်အားတက်ကြွနေမှာဖြစ်လို့ကိစ္စမရှိသော်လည်း အောင်မြင်အောင်ကြိုးစားတဲ့အခါ ရေရှည်ဖြစ်တဲ့အတွက် ဇွဲ စိတ်ထက်သန်မှု ဝီရိယ အလွန်လိုပါတယ်။ ကိုယ်အမှန်တကယ် ဝါသနာပါတဲ့အလုပ်မျိုးဆိုရင် အဲသလိုလိုအပ်ချက်များကို ဖြည့်ဆည်းရတာ လွယ်တယ်။ စိတ်မဝင်စားတဲ့အရာဆို ကြာလာလေ စိတ်မရှည်လာလေဖြစ်တတ်တယ်။ ကိုယ်လုပ်နေတဲ့အရာ လုပ်ခွင့်ရတဲ့အရာဟာ ကိုယ်လုပ်ချင်တဲ့အရာ ထပ်တူမဟုတ်ရင်တောင် ကိုယ့်လုပ်မယ့်အလုပ်ထဲကိုယ်ကြိုက်နှစ်သက် လုပ်ချင်တဲ့အပိုင်းလေးကို ရှာဖွေထား မွေးထားနိုင်ဖို့ လိုပါမယ်။
(၃) Market & Competition.
ဈေးကွက်လိုအပ်ချက် နဲ့ လုပ်ငန်းပြိုင် တွေကို သိပါ။ ကိုယ်လုပ်မယ့်လုပ်ငန်းသည် သူများတကာ တွေ ဝအီနေလောက်အောင် လုပ်နေနှင့် ပြီးသား ထူးမခြားနား လုပ်ငန်းဖြစ်နေလို့မရပါ။ အာလူးကြော် ကြော်ရောင်းမယ်ဆိုရင်တောင် “ငါ့အာလူးကြော် ကို သူများတကာတွေထက် ဘာလို့ထူးခြားပြီး လူတွေ ဝယ်စားချင်ရမှာလဲ” ဆိုတဲ့ တမူထူးခြားတဲ့ တန်ဖိုး ရှိမှု Value Propostion လိုအပ်ပါတယ်။ ကိုယ်လုပ်ချင်တာကို မညှာမတာ ပြန်မေးပါ၊ အထပ်ထပ်မေးပါ။ “ငါ့လုပ်ငန်းကို ဘာလို့ လူတွေ အားပေးရမှာလဲ” ဆိုတဲ့မေးခွန်းပါ။ လူတွေဘာလိုအပ်နေသလဲ ဆိုတာနဲ့ စတွေးရင် အဖြေရောက်ဖို့ ပိုမြန်ပါတယ်။
(၄) Sizing.
အရွယ်အစား အကျဉ်းအကျယ် ညှိရပါမယ်။ လုပ်ငန်းလုပ်လိုသူတိုင်းအတွက် အရင်းအမြစ်တွေ အားလုံး လုံလုံလောက်လောက် အသင့်မရှိတတ်ပါဘူး။ အထူးသဖြင့် မေးထားသလို ငွေအရင်းအမြစ်ဆိုပါတော့။ ငါဘယ်လောက်နဲ့စနိုင်မလဲ ဒါဆို ဘယ်လိုစမလဲ လိုငွေ ဘယ်က စုဆောင်းရရှိနိုင်မလဲ။ ဥပမာ လုပ်ငန်းနေရာ အခက်အခဲရှိတယ်ဆို သည်အခက်အခဲကို ငါဘယ်လိုကျော်မလဲ။ အစရှိသည်ဖြင့် ကြုံလာတဲ့ အခက်အခဲကို ဘယ်လို ကျော်လွှားရင်ရမလဲဆိုတဲ့ ဖောက်ထွက်တွေးခြင်း အသစ်တီထွင်ဖန်တီးခြင်းတို့ လိုပါလိမ့်မယ်။ အခန်းငှားခ ဈေးကြီးရင် ရွှေ့ပြောင်းသွားလာ ရပ်နားထားနိုင်တဲ့ ယာဉ်တစ်မျိုး သုံးမလား။ ဘယ်မှာ ရပ်ထားမလဲ။ ဘယ်လိုခွင့်ပြုချက်ယူမလဲအစရှိသည်ဖြင့်ပါ။
(၅) Strategy & Planning.
ကိုယ့်ရဲ့ ပြိုင်ဘက်နဲ့ပြိုင်ဘက်ဖြစ်လာနို်င်သူတွေကို ဂရုစိုက်ပါ။ မြန်မာနိုင်ငံမှာမို့ ပိုဆိုးပါတယ်။ သည်မှာက တစ်ယောက်ယောက် လုပ်ငန်းတစ်ခုခုနဲ့အောင်မြင်သွားပြီ ဆိုတာနဲ့ အဲသည်လုပ်ငန်းမျိုးကိုပဲ အာရုံကျပြီး ဝိုင်းလုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဈေးကွက်လိုအပ်ချက်တို့ တမူထူခြားမှုတန်ဖိုးတို့ ဒါတွေ သိပ်ဂရုစိုက်တဲ့အကျင့်မရှိကြဘူး။ အကုန်ပြုံဝင်လာတော့ သူလည်း မအောင်မြင်၊ကိုယ်လည်းအကျိုးမရှိ၊ ဈေးကွက်လည်း ပျက် ဆိုတာမျိုး ဖြစ်တတ်တယ်။ ကိုယ်က တမူထူးခြားပေမယ့် သည်လိုမျိုး ကိုယ့်လို “ထပ်တူ” တမူထူးချင်တဲ့သူတွေ ပေါ်လာနိုင်တာကြောင့် ဒါတွေကို ကြိုတွေးပြီး သူများလိုက်မမီအောင် ရှေ့ဆက်ရမယ့် ခြေလှမ်း လေး ငါးလှမ်းလောက် ပိုစဉ်းစားထားနိုင်မှ စီစဉ်ထားနိုင်မှ တော်ရုံကျမယ်။
ကျွမ်းကျင်သူအမြင်ကတော့ ခုလက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ စီးပွားရေးလုပ်ငန်းလုပ်မယ့်သူ စီးပွားရှင်များအတွက် စိန်ခေါ်ချက်အပြည့်နဲ့ဖြစ်နေပါတယ်။ ငွေကြေးအရင်းအနှီး၊ အခြေခံဆောက်ဦလိုအပ်ချက်၊ မြေနေရာ အခက်အခဲ တို့အပြင် စီးပွားရှင်တို့ တစ်ဦးချင်းစီရဲ့ လုပ်ငန်းအောင်မြင်အောင် လုပ်ကိုင်နိုင်ခဲ့တဲ့ အတွေ့အကြုံ၊ နည်းပညာ၊ သုတ နဲ့ သတင်းအချက်အလက် အစရှိသည်ဖြင့် အားလုံး ရှားပါးနေပါတယ်။ မေးစရာရှိတာက ဒါတွေကို အလိုအလျောက် အားလုံးပြည့်စုံတဲ့အထိ ထိုင်စောင့်နေကြမလားဆိုတာပါပဲ။ အဖြေက “ကို်ယ့်သက်တမ်းသာ ကုန်သွားပါလိမ့်မယ်”။
ရှားပါးနေတဲ့ အခြေအနေ၊ သာမန်လူမဖြေရှင်းနိုင်တဲ့စိန်ခေါ်ချက်တွေဟာ ကြိုးစားချင်သူတွေ အစွမ်းအစရှိသူတွေအတွက်တော့ အခွင့်အလမ်း ဖြစ်တယ်လို့ မြင်ပါတယ်။ စီးပွားရှင်တွေ စီးပွားဖြစ်ဖို့အရေး အဟန့်အတားဖြစ်နေတဲ့ ရှားပါးမှုတွေကို ကျွန်တော်တိုမှ့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်တာပါ။ လိုအပ်ချက်ရှိရင် ထောက်ပြပေးပါ၊ လိုချင်တာရှိရင် အကြံပေးပါလို့ ပန်ကြားလိုပါတယ်။
#စီးပွားရှင်
Share this