ပဲမျိုးစုံ ဘက်စုံကာကွယ်ရေး စနစ်

Theory ဆောင်းပါးအဆက် သို့မဟုတ် ပဲမျိုးစုံ ဘက်စုံကာကွယ်ရေး စနစ် မျိုး မျိုးကောင်းမျိုးသန့်ရွေးချယ်ရန်လိုအပ်ပါသည်။စိုက်ခင်းမှ မျိုးသီးသန့်ယူရာတွင် ပိုးရောဂါ ကျရောက်မှုနည်းသောအပင်များကို စနစ်တကျရွေးချယ်ခြင်း ပိုး ရောဂါ ဗိုင်းရပ်စ်ကျထားသော အခင်းမှ မျိုးစေ့များကို မယူမိစေရန် ရှောင်ကျဉ်ခြင်းတို့မှာ အရေးပါလှပါတယ်။မျိုးကောင်းမျိုးသန့်အဖြစ် ရေဆင်းမှထုတ်လုပ်သော မတ်ပဲမျိုးများကို စိုက်ပျိုးပြီး ၃နှစ်တကြိမ် မျိုးလဲလှယ်မှု ပြုနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။အထူးသဖြင့် မျိုးသီးသန့် အာမခံဖြင့် ရောင်းချသော ဆိုင်များမှသာမျိုးများကို ဝယ်ယူသင့်ပါတယ်။ မျိုးစေ့များကို မစိုက်ခင် မှိုသတ်ဆေး ပိုးသတ်ဆေးများလူးနယ်စိုက်ပျိုးပါက မျိုးစေ့ဆောင်ရောဂါနှင့်ပိုးများကို ထိုက်သင့်သလောက် အကာကွယ်ပေးပါသည်။မျိုးစေ့များကို မစိုက်ခင်ကြိုပြီးအပင်ပေါက်နှုန်းစမ်းခြင်း ရေ ၅မိနစ်ခန့် စိမ်ကာ အဖျင်းအမှော်များရွေးချယ်သင့်ပါတယ်။ မြေ မြေဆိုသည်မှာ ထယ်ရေးညက်ညက် ထွန်ရေးညက်ညက် ဖြစ်ရန် အရေးကြီးလှပါတယ်။သို့သော် ဧရာဝတီဒေသအတော်များများတွင် ထယ်ရေးတောင်မကိုင် ပဲမျိုးပတ် ထယ်ထွန်ကြမ်းဆွဲစိုက်လေ့ရှိပါတယ်။အကြောင်းပြချက်ကလည်း စပါးကောက်ရိတ်ရက်နဲ့ ပဲစိုက်ရက် အချိန် မရသောကြောင့်ဟုဖြေလေ့ရှိပါတယ်။တကယ်တမ်းအမှန်မှာ မိမိစိုက်သောစပါးစိုက်ရက်အလျော့အတင်းနှင့် ပဲစိုက်ရက် အလျော့အတင်းကို ချိန်စပြီး ၁၀ရက်လောက်ခွာကာ ထယ်ရေး ထွန်ရေးရအောင်လုပ်ပြီး စိုက်သင့်ပါတယ်။ဥပမာအားဖြင့် စပါးကို ရက်၁၅၀စပါးစိုက်မယ့်အစား ၁၃၅ရက် ၁၂၀ရက်စပါးမျိုးရွေးချယ်စိုက်လျင် ထယ်ရေးထွန်ရေးမြေပြက်ချိန် ၁၀ရက်ဝန်းကျင်ရပါတယ် လို့ဆိုလိုချင်တာပါ။ရေကျနောက်စိုက်ကွင်းများ ရေနက်ကွင်းများဆိုလျှင်တော့ ယခုနည်း အသုံးပြုမည့်အစား ပဲအစား သက်တမ်းတို စပါး ရက်၉၀စပါးမျိုးသာ ထည့်သင့်ပါတယ်။ စိုက်ခင်း သန့်ရှင်းရေးမှာလည်း ဥပမာ ကောက်ရိုးရိုးပြက်များရှိနေခြင်းက ငမြောင်တောင် ကဲ့သို့ မြေတွင်းအောင်း ပိုးများ လာစရာအကြောင်းအရင်းတခုဖြစ်သလို ကောက်ရိုးရိုးပြတ်တွေကို အချိန်ယူပြီး ထယ်ကိုင် ထွန်ကိုင်ခဲ့မယ်ဆိုလျင် ကောက်ရိုးပြတ် ရေ မြေနှင့်ထိတွေ့ ပုပ်ပြီး အက်စစ်တမျိုးထွက်ကာ တခြားသော ပေါင်း ရောဂါ မြေတွင်းအောင်းပိုးဥများကို ဖျက်စီးစေပါတယ်။ကောက်ရိုးရိုးပြတ်တွေကတော့ ငမြောင်တောင် ဖိုးလမင်းကျိုင်းတွေအတွက် အစာဖြစ်စေသလို နေထိုင်ခိုလှုံစရာ အိမ်သဖွယ်ဖြစ်စေပါတယ်။ မြေချဉ်ငံကိန်း ၅နဲ့ ၅.၅ကြားကြိုက်နှစ်သက်ပါတယ်။မြေပြင်ချိန်မှာ နွားချေး ကျောက်မှုန့် ထုံးတို့ကို စနစ်တကျ ပက်ပြီးမြေပြင်ပေးသင့်ပါတယ်။ ပုလဲကို အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေများကျပ်ခြင်း ပိုးကောင်များ ပိုမိုကျရောက်စေခြင်း ပေါင်းမြက်များ အလွန်အကျွံပေါက်လာစေခြင်း စသော ပြသနာများကို ဖြစ်စေပြီး ထိုပြသနာများကို ရှောင်လွှဲရန် နွားချေးဆွေးများကို အသုံးပြုသင့်ပါသည်။မတ်ပဲ ပဲတီစိမ်း အစရှိသော ပဲအုပ်စုတို့တွင် ပုလဲ Nitrogen လိုအပ်မှု မရှိသလောက်နည်းပါးပေမယ့် တီစူပါခေါ် phospohrous P လိုအပ်မှုမှာ အလွန်မြင့်မားသောကြောင့် ဂျစ်ပဆင် ကျောက်မှုန့် နွားချေးဆွေးတို့ကို မြေပြင်စဉ်တည်းက ထည့်ထားပေးခြင်းဖြင့် ကောင်းမွန်လှသော မြေဆီလွှာကို ရရှိစေပါတယ်။ပုလဲအလွန်အကျွံ သုံးစွဲမှုသည်လည်း ပိုးများ ခရုများ ရေညိုများကျရောက်ခြင်းကို တနည်းအားပေးသည့်အပြင် မြေကိုလည်း ချဉ်ကိန်း အလွန်မြင့်မားကာ ဖော့စဖိတ်P ကို အပင်မစားနိုင်အောင်ဖြစ်စေပြန်ပါတယ်။ နောက်တချက်မှာလည်း မြေတွင်း အစိုဓာတ် ခန်းခြောက်လွန်းပါက မြေတွင်းအောင်းပိုး ငမြောင်တောင်ကဲ့သို့ပိုးများ အပြင်သို့ထွက် ဖျက်စီးလေ့ရှိပါတယ်။နွားချေးများ ထယ်ရေးများ စနစ်တကျလုပ်ထားပါကငမြောင်တောင်ကျရောက်မှုကို လျော့ချနိုင်ပါတယ်။ မြေဆီလွှာနှင့် ပေါင်းသတ်ဆေး သို့မဟုတ် စိုက်ခင်းသန့်ရှင်းရေး တောင်သူတွေနှစ်ခြိုက်သဘောကျသော ပေါင်းသတ်ဆေးများဖြင့် အလွန်အကျွံသုံးစွဲပြီး ပေါင်းပြသနာကို ဖြေရှင်းလေ့ရှိပါတယ်။လုပ်သားရှားပါးမှု လုပ်သားစားရိတ်ကြီးမြင့်မှုတို့ကြောင့် ပေါင်းသတ်ဆေး ပေါင်းသတ်ဆေးမြေသြဇာစသဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။တနှစ်ထက်တနှစ် အသုံ့းပြုမှု များလာခြင်းကြောင့် ပေါင်းမြက်မနိုင်သည့်ပြသနာများရင်ဆိုင်လာရသလို မိတ်ဆွေပိုးများဖြစ်သည့် နှံကောင်များ ကျိုင်းများ စသဖြင့်အကောင်များ နေထိုင်မှီခိုစရာ ရှားပါးလာပြီး ပိုးသတ်ဆေးများဖြင့် ပိုးကောင်များ အမြစ်ပြတ် နှိမ်နင်းမှုတို့ကြောင့် မိတ်ဆွေပိုးများ ရှိသင့်သည့်အရေအတွက်ထက်နဲပါးလာကာ မြေတွင်းအောင်းပိုးများ ကြီးထွားလာစရာလည်း ဖြစ်လာကြပါတယ်။ စိုက်ခင်းသန့်ရှင်းရေးအနေဖြင့် ဧရာဝတီတိုင်းကဲ့သို့ ရိုးပြတ်ကြားတွင်စိုက်သော ပဲခင်းများ ပိုးနိုင်ရန်မသေချာပါ။အဆိုးဆုံး တောင်သူတွေလက်ခံထားသော အချက်တခုရှိပါသေးတယ်။ ပဲခင်းထူထူ စိုက်ခင်းတွင်း ခြေချစရာမရှိအောင် ပြည့်နေလျှင် အထွက်တိုးမည် ဆိုသော အချက် ဖြစ်ပါတယ်။အလွန် လွဲမှားပါတယ်။ စိုက်ခင်းတွင်း အပင်ထူလွန်းပါက အပင်များမှုန်းပေးရပါမယ်။အပင်ညှပ်အပင်လှီတွေကို ဖယ်ပြီး စိုက်ခင်းဝေးရာ လွှင့်ပစ်ပေးရပါတယ်။မပြုလုပ်ပါက ငမြောင်တောင်မက ပျ ယင်ဖြူ လှေး ပိုးပေါင်းစုံ ပျော်မွှေ့ရာ နေရာကြီး ဗိမ္မာန်တခုဖြစ်လာပါလိမ့်မယ်။အဝါရောင် ဗိုင်းရပ်စ် yellow mosaic virus ဖားခေါင်းရောဂါ Tobacco mosaic virus ဝင်ပါက ထိန်းမနိုင် သိမ်းမနိုင်ဖြစ်စေပါတယ်။ပိုးကျလျင်လည်းဆေးနိုင်အောင် မဖျန်းနိုင်တာ ထိုကဲ့သို့အခင်းမျိုးပါ။အပင်များ ထွန်တို ဝင်သာအောင် မှုန်းသင့် နှုတ်ပယ်သင့်ပါတယ်။အပင်များလို့ အထွက်တိုးမယ်ဆိုတာထက် အပင်လေဝင်လေထွက်မကောင်းလို့ ပိုးကျ ရောဂါဝင်တဲ့ပြသနာကြောင့် ဆေးဖိုးကုန် လူပန်း အထွက်ကျမှာ အရင်ပါ။တဧက ပျမ်းမျှရှိသင့်သော အပင်အရေအတွက်မှာ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ မကျော်သင့်ပါဘူး။အပင်အရေအတွက်များတိုင်းအထွက်မတိုးတာတော့ အသေအချာပါ။ စိုက်ခင်းအတွင်း သန့်ရှင်းရေးအရေးပါသလို ပတ်ဝန်းကျင်စိုက်ခင်း သန့်ရှင်းရေးပါ ဝိုင်းဝန်းဂရုပြုရန် အရေးပါလှပါတယ်။ စိုက်ပျိုးဆေးများနှင့် ပဲအုပ်စု အခုရေးသောစာသည် မည်သည့် ကုမ္ပဏီ စိုက်ပျိုးရေးဝန်ထမ်း ဆေးဆိုင်များကို ပုတ်ခတ်ခြင်းမဟုတ်ပါ။ကျနော် မြင်ခဲ့ရသော အကြောင်းကို အခြေခံရေးသားခြင်းဖြစ်ပါတယ်။ရွာတခုက မတ်ပဲခင်းတခုမှာ ငမြောင်တောင်ပိုးကျလို့ဆိုပြီး Lamda cyhalothyian အုပ်စု chloropyriphos အုပ်စု အပင်အားဆေး ၃မျိုးကို ဖျန်းတာတွေ့ရပါတယ်။အရမ်းကို ကျနော်လန့်မိပါတယ်။ပိုးရောဂါကျနေချိန် ဘယ်လိုပုဂ္ဂိုလ်က အခုလို ဆေး ၇မျိုးလောက်ဖျန်းဖို့ညွှန်သလဲဆိုပြီးပေါ့။ပိုးရောဂါကျချိန် အားဆေးတွေ လှိမ့်ဖျန်းနေသရွေ့ ဘယ်တော့မှ ပိုးရောဂါမနိုင်ပါဘူး။နောက်ပြီး စပါးခင်း stembore ဝင်ပြီးသားအခင်းကို ပြန်ကောင်းတယ် ဒီဆေးဖျန်းဆိုတာမျိုးက အလွန်ဆိုးဝါးလှပါတယ်။နှံဖြူကျပြီးသားအခင်းကို ဘယ်ပိုးသတ်ဆေးမှမနိုင်ပါဘူး။လာမယ့်နှစ်မှာ မကျအောင်ဘယ်လိုလုပ်မလဲ ဆိုတာ အဓိက ကျပါတယ်။ငမြောင်တောင်ကို အဆိပ်ငွေ့အာနိသင်ရှိမယ့် ဆေးကို ထိသေဆေးအုပ်စု တခုခုနဲ့တွဲဖက်သင့်ပေမယ့် စိုက်စနစ် မကောင်းမွန်ပါက ထိန်းနိုင်ဖို့ ခက်လှပါတယ်။ ရာသီဥတုနှင့် စိုက်ချိန် ပဲတီစိမ်း မတ်ပဲတို့ကို နိုဝင်ဘာလ ထက်နောက်မကျပဲစိုက်မှသာ virusကို ထိန်းနိုင်ပါတယ်။မြေပြင်အစိုဓာတ် ၁လက်မ အနည်းဆုံးရှိသင့်သလို ထိုပမာဏရှိမှသာ အပင်ပေါက်နိုင်စွမ်းရှိပါတယ်။ ထောင်ချောက်နှင့် Handpicking ပျ ယင်ဖြူ လှေးကဲ့သို့ ပိုးများကို မတ်ပဲခင်းပေါ်တွင် အဝါရောင် ကတ်ထူပြား သို့မဟုတ် ဝေဖာပြားများပေါ်တွင် ကြွက်ကပ်ကော် သုတ်ပြီး တဧက ၁၂ခုခန့် ၄ပေ အမြင့်ထောင်ပေးပါက ပျ ယက်ဖြူလှေးများသည် ကဒ်ထူပြားများပေါ်တွင်ကပ်ကာ ပိုးများကျရောက်မှုကို လျော့ချနိုင်ပါတယ်။ငမြောင်တောင် ကဲ့သို့ လောက်အဆင့်ရှိပိုးများကို ညပိုင်း လရောင်ရှိချိန်တွင် ဦးစွာကောက်ယူဖျက်စီးပြီး ဆေးဖျန်းမှသာနိုင်သလို မီးထောင်ချောက်အဖြစ် ဘက်ထရီဖြင့် မီးချောင်းထွန်းကာ အောက်ခြေတွင် ရေဇလုံထားပြီး chloropyriphos ပိုးသတ်ဆေးဖျော်ထည့်က အမကောင်များကို ဖမ်းစီးပြီးဖျက်စီးပါက ဥပေါက်ဖွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။ ပုံတွင်ပြထားသည့်အတိုင်းလည်း မီးထောင်ချောက်ပြုလုပ်ပါက ပိုမိုကောင်းမွန်ပါတယ်။ငမြောင်တောင် အကောင်ကြီးဖြစ်ရန် ဘဝသက်တမ်းမှာ ဥမှ လောက်ကောင် instar, 2nd instar လောက်ကောင်အဆင့် ၁၅ရက်မှ ၂၀ရက်အတွင်း အပင်အစိတ်ပိုင်း အားလုံးကိုဖျက်စီးပါတယ်။pupa အဆင့်နဲ့ အကောင်ကြီး အမကောင်အဆင့်မှ မဖျက်စီးပါ။အမကောင်အဆင့်တွင် ဥများဥတတ်ကြပါတယ်။အဓိက ဖြေရှင်းရန်အဆင့်မှာ လောက်ကောင် အဆင့်ဖြစ်သလို အမကောင်များကို ပိုးထောင်ချောက် မီးထောင်ချောက်များဖြင့် ဖမ်းစီးဖျက်ဆီးကာ ပိုးပေါက်ဖွားနှုန်းကို လျော့ချရန်လိုအပ်ပါတယ်။ ပိုးထောင်ချောက်များကို ပုံများဖြင့် ကြည့်ရှုနိုင်ပါတယ်။ ယခု ကျနော်တင်ပြခဲ့သော စိုက်စနစ်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပါက ပိုးသတ်ဆေးဖျန်းခြင်းသည် နောက်ဆုံးမှ ပြုလုပ်ရသော အကြိမ်ရေနဲပါးသော အဆင့်ကို ရောက်ရှိစေပါတယ်။ ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်မှာ ၁ စိုက်စနစ် ၂ မိတ်ဆွေပိုး ၃ စက်ကိရိယာ သို့မဟုတ် ပိုးထောင်ချောက်များ ၄ အော်ဂဲနစ် ပိုးပြေးဆေး ပိုးသတ်ဆေးများ ၅ ဓာတုဆေးများ ဆိုပြီး အဆင့်ဆင့် ထားပြီး နောက်ဆုံးအခြေနေမျိုးမှသာ ဆေးဖျန်းသင့်ပါတယ်။စိုက်စနစ် စည်းကမ်းတကျ စနစ်ကောင်းကောင်း နည်းပညာကြွယ်ကြွယ် နဲ့ လက်တွေ့ကို ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပဲတဧက တင်း၂၀ -၂၅ ရမှာ မလွဲဧကန်ပါ။ နောက်ဆုံး အခုစာလေးကို ကျနော် ဝန်ခံလိုပါတယ်။အခုစာလေးအတွက် ကျနော့်ကိုယ်တွေ့ စာတွေ့အပြင် မိဘသဖွယဖြစ်ကြသော် ဆရာဦးရန်လင်း ဆရာမဒေါ်အေးအေးမာတို့မှ လမ်းညွှန်ပေးခြင်းနှင့် ဧရာဝတီ မြန်အောင်နှင့် ဓနုဖြူကြားရှိ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုပြီး တောင်သူဦးကြီးများ အမြင်ပါပေါင်းစပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ကျွန်တော် မတ်ပဲ ပဲတီစိမ်း ကျွမ်းကျင်လို့ရေးတာတော့မဟုတ်ပါဘူး။သိတာမြင်တာကို မျှဝေခြင်းသက်သက်သာဖြစ်သောကြောင့် ကျနော့စာတွင် တစုံတရာမှားယွင်းမှုရှိပါက ကျနော် ခန့်ဇော်ထက် ACOM တွင်သာ တာဝန်ရှိပါတယ်ခင်ဗျာ။ Thanks you Khant Zaw Htet

Share this

Related Posts

Previous
Next Post »