စတင်တော့မည့် စတော့အိတ်ချိန်းနှင့် မြန်မာ့စီးပွားရေးအလားအလာ
===========================================
မြန်မာနိုင်ငံတွင် မကြာမီ စတော့အိတ်ချိန်း (Stock Exchange)ကို အကောင်အထည်ဖော်တော့မည်ဖြစ်ရာ ယင်းစတော့အိတ်ချိန်း၏ သဘောသဘာဝ နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများနှင့်ပတ်သက်၍Thura Swiss ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ စီးပွားရေးပညာရှင် ဒေါက်တာ အောင်သူရနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ စတော့အိတ်ချိန်းဆိုတာ ဘာလဲ။ ဘယ်လိုအလုပ်လုပ် တာလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ် ခင်ဗျာ။
ဖြေ။ ။ အရင်ဆုံးအနေနဲ့ပြောရရင် တိုင်းပြည်တစ်ပြည်မှာ လုပ်ငန်းလုပ်ကြဖို့ ဆိုရင် ပထမဆုံးက အရင်းအနှီးဆိုတာလိုပါတယ်။ လက်ရှိအနေနဲ့ဆို မြန်မာ နိုင်ငံမှာ ကုမ္ပဏီတစ်ခုထောင်တော့မယ်၊ စီးပွားရေးလုပ်ငန်းလုပ်တော့မယ်ဆို လိုအပ်တဲ့အရင်းအနှီးကို ဘဏ်က ချေးချင်ချေးမယ်၊ ဒါမှမဟုတ် ကိုယ့် မိသားစု၊ ပတ်ဝန်းကျင် မိတ်ဆွေတွေရဲ့ရှိတဲ့ပိုက်ဆံကိုစုပြီး လုပ်ချင်လုပ်မယ်။ ဒါပေမယ့် လုပ်ငန်းတိုင်းအတွက်ကိုတော့ ဒီ Capital Access က အလုပ်မဖြစ် ပါဘူး။ ဒါကြောင့်လိုအပ်တဲ့အရင်းအနှီးကို အများပြည်သူတွေစုပေါင်းထည့်ဝင်တဲ့ငွေ ပုံစံနဲ့ လုပ်ဖို့လိုလာတယ်။ ဒီတော့ လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေက သူလိုအပ်တဲ့ အရင်းအနှီးရဖို့အတွက် သူ့လုပ်ငန်းရဲ့ ရှယ်ယာတွေရောင်းတဲ့နည်းနဲ့ ရှာလာကြတယ်။ ဒီလိုရောင်းတဲ့အခါ ဘယ်လိုရောင်းမလဲ။ လက်ထဲငွေပိုရှိလို့ ရင်းနှီးမြှုပ်နှံချင်ရင် ဘယ်လိုဝယ်ရမလဲ။ အဲဒီအခါမှာ စိတ်ချရပြီး ရောင်းသူ ဝယ်သူ မျှမျှတတဖြစ်မယ့် ဈေးကွက်တစ်ခုလိုလာတယ်။ ဒါကြောင့် စတော့ အိတ်ချိန်းဆိုတာ ပေါ်လာတာဖြစ်ပါတယ်။
နောက် စတော့အိတ်ချိန်းက ဘာတွေလုပ်လည်းဆိုရင် ခုနပြောခဲ့သလိုပဲ လုပ်ငန်းတွေရဲ့ ရှယ်ယာတွေကို လွတ်လွတ်လပ်လပ် မျှမျှတတ အရောင်းအဝယ် လုပ်နိုင်ဖို့ပါပဲ။ တစ်ခုကတော့ ရှယ်ယာကို ဝယ်ထားသူဟာ သူဝယ်ထားတဲ့ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်ရှိနေပါပြီ။ ဒါကြောင့် အဲဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ စီးပွားရေးညွှန်းကိန်းတွေကို အမြဲသိနေဖို့လိုပါတယ်။ နောက် သူဝယ်ထားတဲ့ ရှယ်ယာကိုလည်း ပြန်ရောင်းချင်တဲ့အချိန်မှာ မျှတတဲ့ဈေးနဲ့ လွယ်ကူစွာရောင်းနိုင်ဖို့နဲ့ ဝယ်ချင်တဲ့သူတွေကလည်း လွတ်လပ်စွာဝယ်ယူနိုင်ဖို့ စတော့အိတ်ချိန်းမှာပဲ ပြုလုပ်နိုင်ပါတယ်။
မေး။ ။ ဒီစတော့အိတ်ချိန်းတွေမှာ ဘယ် Player တွေက ပါဝင် လုပ်ကိုင် နေကြတယ်ဆိုတာလဲ သိချင်ပါတယ်။
ဖြေ။ ။ ။ စတော့အိတ်ချိန်းထဲမှာ ပါဝင်တဲ့ Player တွေက အမျိုးမျိုးရှိပါတယ်။ အကြမ်းဖျင်းဆိုရင်တော့ သုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးက သူတို့ရှယ်ယာတွေ ကိုရောင်းချင်လို့ စတော့အိတ်ချိန်းပေါ်လာတင်ထားတဲ့ ကုမ္ပဏီတွေပါ။ ဒါပေ မယ့် တကယ်အရောင်းအဝယ်လုပ်တဲ့အခါကျတော့ အဲဒီကုမ္ပဏီတွေက ဝင် မပတ်သက်တော့ဘူး။ ဈေးကွက်သဘောအရ ရှယ်ယာဝယ်ကိုင်ထားသူနဲ့ ရှယ်ယာ ဝယ်ချင်သူပဲ အရောင်းအဝယ်လုပ်ကြတာပါ။ နောက်တစ်ခုက ငွေရှိ လို့လာပြီး ရင်းနှီးမြှုပ်နှံသူတွေပေါ့။ ဒီရင်းနှီးမြှုပ်နှံသူဆိုတာကလည်း လူပုဂ္ဂိုလ် လည်းဖြစ်နိုင်တယ်။ ကုမ္ပဏီလည်းဖြစ်နိုင်တယ်။ ဘဏ်နဲ့ အာမခံကုမ္ပဏီ လည်းဖြစ်နိုင်တယ်။သူတို့ကတော့ စတော့အိတ်ချိန်းမှာ တင်ထားတဲ့ ကုမ္ပဏီ တွေရဲ့ ရှယ်ယာတွေကို အရောင်းအဝယ်လုပ်တာ။ နောက် Player တစ်ခုက တော့အကျိုးဆောင်တွေပါ။ ရောင်းချင် ဝယ်ချင်သူတွေကို အကျိုးဆောင်ပေး တာပါ။ ဥပမာ သူတို့မှာ ရှယ်ယာတစ်ခုချင်းစီရဲ့ အချက်အလက်တွေရှိမယ်၊။ ဒါကို ဝယ်ချင်တဲ့သူတွေက သူတို့ကို ပိုက်ဆံပေးထားမယ်။ သူတို့က ဝယ်ပေး တယ်ပေါ့။နောက်အကျိုးဆောင်တွေက ကုမ္ပဏီရှယ်ယာတွေနဲ့ပတ်သက်ပြီး သုတေသနတွေ စစ်တမ်းတွေလုပ်ပေးတယ်။ ဘယ်ရှယ်ယာကတော့ ဝယ်သင့် တယ်၊ ဘယ်ရှယ်ယာကတော့ မဝယ်သင့်ဘူးဆိုတာမျိုး သူတို့ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတယ်။ အကြမ်းအားဖြင့်တော့ ဒီသုံးမျိုးရှိပါတယ်။
မေး။ ။ စတော့အိတ်ချိန်းမှာ ဒီလို ဝင်ရောက်မောင်းနှင်နေတဲ့ Player တွေကို ရော မှန်မှန်ကန်ကန်ဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြပါသလဲ။ ဒီစတော့ အိတ်ချိန်းကိုရော ဘယ်သူတွေက တာဝန်ယူ တာဝန်ခံပါသလဲ။
ဖြေ။ ။ စတော့အိတ်ချိန်းဆိုတာ တိုင်းပြည်တော်တော်များများမှာတော့ ကုမ္ပဏီ တစ်ခုပါပဲ။ ဒီမှာလည်း စတော့အိတ်ချိန်းကို အစိုးရနဲ့ ပြည်ပ ကုမ္ပဏီတစ်ခုတို့ ပေါင်းပြီး အကျိုးတူ လုပ်တာပါပဲ။ အခြားတိုင်းပြည်တွေမှာတော့ Public ကုမ္ပဏီအနေနဲ့ လုပ်ကြတာတွေလည်းရှိပါတယ်။ စတော့အိတ်ချိန်းလုပ်တဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ တာဝန်တော်တော်ကြီးပါတယ်။ သူတို့ဆီမှာ လာတင်ပြီးအရောင်းအဝယ်လုပ်နေတဲ့ ကုမ္ပဏီတွေက မှန်မှန်ကန်ကန်လုပ် သလား။ သူတို့အခြေအနေက ဘယ်လိုရှိလည်းဆိုတာ အချိန်တိုင်းစောင့် ကြည့်နေရပါတယ်။ အဲဒီလို စောင့်ကြည့်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကလည်း ဥပဒေ၊ နည်းဥပဒေတွေထဲမှာပါပါတယ်။ စတော့အိတ်ချိန်းတွေ ကိုယ်တိုင်က ထုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းကမ်းတွေလည်းရှိပါတယ်။ သူ့ဆီမှာလာပြီး အရောင်းအဝယ်လုပ်နေတဲ့ ကုမ္ပဏီတွေကို အမြဲစောင့်ကြည့်နေတာပါ။စောင့်ကြည့်တဲ့ နေရာမှာလည်း စတော့အိတ်ချိန်းကိုယ်တိုင်က စောင့်ကြည့်တဲ့ အပြင် အစိုးရ၊ သက်ဆိုင်ရာအာဏာပိုင်ဖြစ်တဲ့ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) လို ကော်မရှင်ကလည်း စောင့်ကြည့်နေရပါတယ်။ ဒီကော်မရှင်ကတော့ ကုမ္ပဏီ၊ ရောင်းသူဝယ်သူအပြင် စတော့အိတ်ချိန်းကိုယ်၌ကပါ မမှန်မကန်လုပ်ရင် အရေးယူလို့ရတဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ပါ။
ဒီလိုပဲ ကုမ္ပဏီတွေဘက်က တာဝန်ယူတာဝန်ခံမှုတွေကလည်း စတော့ အိတ်ချိန်းပေါ်မှာ သူ့ကုမ္ပဏီကိုလာတင်ပြီး အရောင်းအဝယ်လာလုပ်တဲ့အတွက် သတ်မှတ်နှုန်းထားတစ်ခုကို စတော့အိတ်ချိန်းကိုပေးရပါတယ်။ သတ်မှတ် စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရမယ်။ ဈေးနှုန်းပြောင်းလဲနိုင်တဲ့ သတင်း အချက်အလက်တွေကို ချက်ချင်းအချိန်နဲ့တစ်ပြေးညီ ကြေညာရမယ်။နှစ်ပတ် လည် အစီရင်ခံစာမျိုးတွေရေးရတယ်။ ဒါတွေမလုပ်ဘူးဆိုရင် စတော့အိတ်ချိန်း ကရောSECM ကပါ သူ့ကိုအရေးယူလို့ရပါတယ်။
မေး။ ။ ဒီစတော့အိတ်ချိန်းမှာ ရောင်းသူ၊ ဝယ်သူတွေက လွတ်လပ်စွာ လိုသလောက် ရောင်းဝယ်လို့ရပါသလား။
ဖြေ။ ။ လွတ်လပ်စွာရောင်းလို့၊ ဝယ်လို့ရတယ်ဆိုပေမယ့် ကန့်သတ်ချက်တော့ရှိပါ တယ်။ အမှန်တော့ စတော့အိတ်ချိန်းဆိုတာ ဈေးတစ်ခုပါပဲ။ စတော့ရှယ်ယာ တွေကို လူတွေအကုန်လုံးက တစ်နေရာတည်းမှာသွားပြီး အရောင်းအဝယ်လုပ်ကြ တာပါပဲ။ လူတစ်ယောက်ချင်းစီက ကိုယ့်အိမ်ထဲမှာကိုယ်နေပြီး အဆင့်မြင့် အိုင်တီနည်းပညာတွေနဲ့ စတော့အိတ်ချိန်းထဲမှာ ဝင်အလုပ်လုပ်ပြီး အရောင်း အဝယ်လုပ်ကြတာပါ။ ဒီမှာ ဘယ်သူမှ ဦးစားပေး မဖြစ်ဘူး။ ဘယ်ဈေးတွေနဲ့ အရောင်းအဝယ်တွေဖြစ်ခဲ့တယ်ဆိုတာလည်း ခြုံကြည့်နိုင်တယ်။ ဒါကြောင့် ဈေးကွက်က မျှတတယ်။ အရောင်းအဝယ်ဖြစ်ဖို့လည်း လွယ်တယ်။ ပြီးတော့ ခုနကပြောခဲ့သလို ကန့်သတ်ချက်တွေလည်းရှိပါတယ်။ တိုင်းပြည်တော်တော် များများမှာလည်း ကန့်သတ်ချက်တွေရှိပါတယ်။ ဥပမာ ဝယ်တဲ့သူတစ်ယောက်ဟာ ရှယ်ယာ ရာခိုင်နှုန်းတော်တော်များများကို ဝယ်တဲ့ဟာမျိုးပေါ့။ ဝယ်သူ တစ်ယောက်ဟာ ရှယ်ယာငါးရာခိုင်နှုန်းထက် ပိုပြီးဝယ်ထားမိရင် သက်ဆိုင်ရာ ကုမ္ပဏီကို အကြောင်းကြားရပါတယ်။ ကျွန်တော်တော့ ရှယ်ယာတွေဝယ်လိုက် တာ ဒီလောက်တော့ရှိပါပြီဆိုတာမျိုးပေါ့။ ဒါမှလည်း ကုမ္ပဏီဘက်က လိုအပ်တဲ့Reaction လုပ်လို့ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ရှယ်ယာရှင်တွေလည်း သိနိုင် တာပေါ့။ ရှယ်ယာဝယ်တဲ့နေရာမှာလည်း နိုင်ငံခြားသားဆို ဝယ်လို့ ရ၊ မရဆို တဲ့ ကန့်သတ်ချက်တွေလည်း ရှိပါတယ်။ နောက်နိုင်ငံခြားသားဆို ရှယ်ယာ ဘယ်လောက်ထက် ပိုဝယ်လို့မရဘူးဆိုတာမျိုးပေါ့။ ဒါမျိုးတွေတော့ ရှိတတ်ပါ တယ်။ ဒါကြောင့် နေ့စဉ်တိုင်းတော့ ရောင်းလို့ဝယ်လို့ ရချင်မှရမယ်။ ဒါပေမယ့် စတော့အိတ်ချိန်းရှိတဲ့အတွက် အရောင်းအဝယ်ဖြစ်ရင် ဈေးနှုန်းကတော့ မျှတ တယ်။
မေး။ ။ စတော့အိတ်ချိန်းတွေမှာ ဖွင့်ချိန် ပိတ်ချိန်နဲ့ အရောင်းအဝယ် ဖြစ်ချိန် တွေကရော ဘယ်လိုမျိုးရှိတတ်လဲသိပါရစေ။
ဖြေ။ ။ စတော့အိတ်ချိန်းတွေရဲ့ သဘောသဘာဝအရ အလုပ်လုပ်ရက်တွေမှာပဲ ဖွင့်တယ်။ အစိုးရ ရုံးပိတ်ရက်တွေ၊ အများပြည်သူအားလပ်ရက်တွေမှာ ပိတ်ပါ တယ်။ ဖွင့်ချိန်၊ ပိတ်ချိန်ကလည်း နိုင်ငံဒေသအလိုက် နံနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ရှိတတ်ပါတယ်။ နောက်တစ်ခုက ဖွင့်ချိန်၊ ပိတ်ချိန် တင်မကဘူး၊ အရောင်းအဝယ်ဖြစ်တဲ့ အချိန်ဆိုတာလည်းရှိပါတယ်။ အရောင်း အဝယ်ဖြစ်တာချင်းလည်းမတူပါဘူး။ တချို့စတော့အိတ်ချိန်းတွေက ဖွင့်ချိန် တောက်လျှောက် အရောင်းအဝယ်ဖြစ်တတ်ပြီး တချို့ကတော့ အချိန်ပိုင်းနဲ့ ဖြစ်တာမျိုးတွေပါ။ ရန်ကုန်စတော့အိတ်ချိန်းကတော့ အစပိုင်းမှာ အရောင်း အဝယ်များဦးမှာမဟုတ်ပါဘူး။ အခုသိရသလောက်ကတော့ တစ်ရက် နှစ်ကြိမ် လုပ်မယ်လို့ ထင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အခုဆိုရင် စတော့အိတ်ချိန်းကို စတင်လုပ်ဆောင် တော့မယ်ဆိုတော့ ဒီကဏ္ဍကို စိတ်ပါဝင်စားသူ စာဖတ်ပရိသတ်နဲ့ ပြည်သူ တွေကို ဒီစီးပွားရေးနဲ့ ပတ်သက်ပြီး ဘာများ အကြံပြု ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ စတော့အိတ်ချိန်းဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအတွက် အလွန် ကိုအရေးပါပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉ဝ ကျော်မှာလည်း နိုင်ငံတိုင်းလိုလို နီးပါးမှာ စတော့အိတ်ချိန်းတွေရှိပါတယ်။ ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးကို ပစ်မှတ်ထားဦးတည်လုပ်ကိုင်တယ်ဆိုတာပဲ ကွာတာပါ။ အခု ရန်ကုန်စတော့ အိတ်ချိန်းကလည်း ဖွင့်ဖွင့်ပြီးချင်း လေး ငါးနှစ်အတွင်းမှာ ပြည်တွင်းကိုပဲ ဦးတည်လုပ်မယ်ထင်ပါတယ်။ ဒီနေရာမှာ တစ်ခုအကြံပြုလိုတာက ဒီစတော့ အိတ်ချိန်းမှာ ရှယ်ယာတွေ ရောင်းတာ၊ ဝယ်တာတွေ ဖြစ်လာကြမှာပဲ။ ဝယ်တဲ့ နေရာမှာတော့ ဝယ်မယ့်သူဟာ သူ့ငွေကို အချိန်ဘယ်လောက်အထိ ရင်းနှီး မြှုပ်နှံနိုင်လဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေတိုနှစ် အနည်း ငယ် မဟုတ်ဘဲ ရေရှည်ရင်းနှီးမြှုပ်နှံမှ အကျိုးအမြတ်ရတတ်တာမို့ပါ။ ရေတို သာလုပ်မယ်ဆိုရင် ကိုယ်ကအရေးကြီးလို့ ဒီရှယ်ယာကနေ ငွေပြန်ဖော်ချင် တယ်ဆိုရင် ဖြစ်နေတဲ့ဈေးနဲ့ ရောင်းရတာကြောင့် အကျိုးအမြတ်ရဖို့ မကျိန်း သေပါဘူး။ ဒါကြောင့် စတော့ရှယ်ယာဝယ်ပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေရှည် အတွက်ကို ကြည့်ပြီး လုပ်စေချင်ပါတယ်။ ပြီးတော့ ကိုယ်တိုင်လည်း အခြား စတော့ဈေးကွက်တွေကို လေ့လာပြီးမှ လုပ်ပါလို့ တိုက်တွန်းပါတယ်။
ဟုတ်ကဲ့..အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
တွေ့ဆုံမေးမြန်း-သီဟသူ
credit:Yangon stock exchange
Share this