အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး ၁၀ ခု

အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး ၁၀ ခု
(post ကနည်းနည်းတော့ရှည်ပါတယ်။
shareထားလိုက်ပါ။အချိန်ရမှအေးဆေးဖတ်ပါ။
တကယ်အကျိုးရှိပါတယ်။)
သင်ဟာ လုပ်ငန်းရှင်ပေါက်စဖြစ်စေ၊ လုပ်ငန်းကြီးတခုကို ဦးဆောင်နေသူဖြစ်စေ သင့်အနေနဲ့ ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုဦးဆောင်ရမယ်ဆိုတာတော့ သိဖို့လိုပါတယ်။ သူဌေးကြီးတယောက်ဖြစ်မှာလား၊ ဒါမှမဟုတ် သူဌေးတယောက်စီကို အစီရင်ခံစာတင်ရတဲ့သူ ဖြစ်မလားဆိုတာကို အောက်ပါ အရည်အသွေး ၁၀ခုနဲ့ တိုက်စစ်လိုက်ရအောင် …
၁ - ဇွဲလုံ့လရှိမှု
၁၈၉၀ ခုနှစ်မှာ ဟင်နရီဖို့ဒ်က စက်ဘီးရဲ့ ဘီး၎ဘီးပေါ်မှာ ကိုယ်ထည်တခုတပ်ဆင်ထားပြီး အီသနောအင်ဂျင်နဲ့ မောင်းနှင်နိုင်တဲ့ ဖို့ဒ်ကွာဒရာဆိုင်ကယ် ဆိုတဲ့ ယာဉ်တခုကို စတင်တီထွင်ခဲ့တယ်။ မအောင်မြင်ခဲ့ပါဘူး။ နောက် ၄ နှစ်ကြာတဲ့အခါမှာတော့ သူဟာ ဖိုဒ့်မော်တော်ကားကုမ္ဗဏီကို တည်ထောင်ပြီး Model T ကားအမျိုးအစားကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်ခဲ့တယ်။ သင့်အနေနဲ့ ကြိုးစားပမ်းစားလုပ်တဲ့ကိစ္စတခု သဲထဲရေသွန်ဖြစ်ခဲ့ဖူးသလား။
၂-ဝေဖန်ရှုတ်ချမှုတွေကို လျစ်လျုရှုနိုင်လောက်တဲ့ အရေထူမှု
ကန်းဆက်စီးတီးစတား က အယ်ဒီတာတဦးက ဝေါ့ဒစ္စနီကို စိတ်ကူးသစ်၊ အတွေးသစ်မရှိဘူးလို့ ပြောဖူးတယ်။ ဒါပေမယ့် သူဟာ အဲဒီ စကားလုံးတွေကို နားဝင်မခံခဲ့ဘူး။ ဒီလိုနဲ့ သူဟာ မီကီမောက်စ်လို ဇာတ်ရုပ်တွေကို တီထွင်ခဲ့တဲ့အပြင် အကယ်ဒမီဆု ၂၂ ဆုရခဲ့ပြီး ကာတွန်းရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးသော ဒါရိုတ်တာဖြစ်ခဲ့တယ်။ ဒီနေ့အချိန်မှာတော့ ဝေါ့ဒစ္စနီလို့ပြောလိုက်ရင် ဘာဆိုတာ တကမ္ဘာလုံးက မသိသူမရှိသလောက်ဖြစ်ပြီး စိတ်ကူးသစ်၊ အတွေးသစ်၊ ဆန်းသစ်မှုရဲ့ ပြယုဂ်တခုလို ဖြစ်နေပါပြီ။
၃-အစွမ်းအစရှိသူကို မြင်နိုင်စွမ်း
ကိုယ့်လုပ်ငန်းကို သူများတွေနဲ့မတူအောင် လုပ်ချင်ရင် ကိုယ့်အနီးအပါးမှာ စိတ်ကူးစိတ်သန်းကောင်းပြီး၊ အစွမ်းအစရှိသူတွေနဲ့ ၀န်းရံထားနိုင်ဖို့ လိုပါတယ်။ နာမည်ကျော် Apple ကုမ္ဗဏီရဲ့ CEO ဖြစ်သူ Steve jobs ဟာ အခါမလပ် ၀န်ထမ်းကောင်းရှာတတ်တယ် ဆိုပါတယ်။ သူဟာ တက္ကသိုလ်တွေက ဖိတ်ခေါ်လို့ ဟောပြောပွဲတွေကို သွားတဲ့အခါမှာတောင် ဘယ်သူဟာ သူ့အတွက် ၀န်ထမ်းကောင်းဖြစ်လာနိုင်မလဲလို့ စနည်းနာလေ့ရှိပါတယ်။ သူ့တသက်မှာ အလုပ်လျှောက်သူ ၅၀၀၀ လောက်ကို ကိုယ်တိုင်အင်တာဗျုးလုပ်ခဲ့ပြီး သူ့အဖွဲ့ထဲပါတဲ့သူမှန်သမျှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သူဖြစ်တယ်။
၎-အလုပ်နဲ့ပါတ်သက်လို့ မတင်းတိမ်တတ်တဲ့စိတ်
Google၊ Yahoo၊ Facebook တို့အားလုံးမှာ ဘုံတူညီတာ ဘာရှိသလဲ။ သူတို့ ၃ခုစလုံးဟာ တက္ကသိုလ်ကျောင်းဆောင်လေးထဲကနေ အစပြုခဲ့တာဖြစ်တယ်။ အများက လေးစားလောက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ အလုပ်နဲ့ပါတ်သက်ရင် ကျေနပ်တင်းတိမ်နိုင်စွမ်း နည်းပါးသူများဖြစ်ကြပြီး လုပ်ငန်းတိုးတက်အောင် ဘာလုပ်ရမလဲဆိုတာကို အမြဲလို တွေးတောလုပ်ဆောင်တတ်ကြတယ်။ အိမ်သုံးပစ္စည်းအရောင်းကုမ္ဗဏီ IKEA တည်ထောင်သူ အင်ဂဗာကမ်ပရတ် ပြောတာက - “ဟုတ်ပြီကွလို့ ကျေနပ်တတ်တဲ့စိတ်ဟာ အန္တရာယ်အကြီးဆုံး အဆိပ်ဖြစ်တယ်။ ဖြေဆေးကတော့ မနက်ဖြန် ပိုကောင်းလာအောင် ဘာလုပ်ရမလဲဆိုတာကို ညနေတိုင်း တွေးပါ။”
၅-ကြောက်စိတ်ကင်းခြင်း
ကုမ္ဗဏီပေါင်း ၄၀၀ ကျော်စုစည်ထားတဲ့ Virgin အုပ်စု တည်ထောင်သူ ရစ်ချတ်ဘရွန်ဆန် ငယ်စဉ် မိသားစုအပျော်ခရီးတခုမှာ အဒေါ်ဖြစ်သူက သူနဲ့ အလောင်းအစားတခုလုပ်တယ်။ သူဟာ အဲဒီခရီးစဉ်မပြီးဆုံးမီ ရေးကူးတတ်ရမှာ ဖြစ်တယ်။ ခရီးတခုလုံး ရေကောင်းကောင်းမကူးတတ်ခဲ့ဘူး။ အိမ်အပြန်လမ်းမှာ မြစ်တခုနားအရောက်မှာ သူ့အဖေကို ရုတ်တရက်ကားရပ်ခိုင်း၊ မြစ်ထဲခုန်ချ၊ စွတ်ရွတ်ကူးပြီးတော့ အဲဒီပွဲကို အနိုင်ယူခဲ့တယ်။ အိမ်ပြန်ရောက်ရင် သူရှုံးတော့မှာ ဖြစ်တဲ့အတွက် အကြောက်တရားကို ဘေးဖယ်ပြီး မြစ်ထဲခုန်ချခဲ့တာပဲဖြစ်တယ်။
သူဟာ စီးပွားရေးမှာ စွန့်စားလုပ်ကိုင်ခြင်းကို ယုံကြည်သူ၊ ကိုယ်နဲ့ ယဉ်ပါးပြီးသား ဧရိယာတွေမှာပဲ ကျင်လည်ရတာကို မနှစ်သက်တဲ့သူ ဖြစ်တယ်။ “လမ်းလျှောက်တတ်လာတာ လဲကျလိုက် ပြန်ထလိုက်နဲ့ သင်ယူရင်း တတ်လာတာဗျ၊ စည်းကမ်းတွေကို လိုက်နာပြီး တတ်လာတာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။
၆-အမှား ၀န်ခံခြင်း
Amazon က ခွင့်ပြုချက်မရဘဲ Kindle Store ထဲရောက်နေတဲ့ Animal Farm နဲ့ 1984 ၀တ္တုတွေကို Kindle Fire အသုံးပြုသူတွေထံ အသိမပေးဘဲ ဖျက်ပစ်ခဲ့တယ်။ အဲဒီလုပ်ရပ်က အသုံးပြုသူတော်တော်များများကို ဒေါသဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် Amazon က သူတို့ရဲ့အမှားကို ထုတ်ပြန်ချက်နဲ့တကွ CEO ဂျက်ဖ်ဘေဇုစ်က သူတို့ကုမ္ဗဏီရဲ့ ပြဿနာဖြေရှင်းနည်းဟာ ညံ့ဖျင်းခဲ့ကြောင်း၊ တဖက်သတ်ဆန်ကြောင်းနဲ့ ကုမ္ဗဏီရဲ့ ကျင့်ဝတ်တန်ဖိုးများနဲ့ မကိုက်ညီပါကြောင်း တရားဝင် တောင်းပန်ခဲ့ပါတယ်။
၇-မာရည်ကြောရည်ရှိခြင်း
စီးပွားရေလောကထဲမှာ အရှေ့ကပြေးနေချင်တယ်ဆိုရင် ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမှာ ဖြစ်တယ်။ “တစုံတယောက်က ခင်ဗျာ့နားရွက်ကို တံတွေးလာဆွတ်ရင် ထချပစ်လိုက်ပါ၊ ရက်စက်ပစ်လိုက်ပါ၊ အမောက်ထောင်ပြလိုက်ပါ” လို့ Donald Trump က ပြောပါတယ်။
“စီးပွားရေးလောက က လျင်သူစားဗျ၊ မကြာမကြာ တံတောင်တွေ ဘာတွေသုံးတတ်ရတယ်” လို့ Michael Bloomberg ကလည်း ပြောပါတယ်။
၈-မိတ်သင်္ဂဟပေါများမှုနဲ့ လွှမ်းမိုးနိုင်မှု
ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ မာရည်ကြောရည်ရှိမှုကို လိုအပ်မှ ပြပါ။ သာမန်အားဖြင့် လူတွေဟာ ကိုယ်နဲ့ အလွမ်းသင့်တဲ့သူတွေအတွက်သာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်ပေးချင်စိတ် ရှိတာပါ။ “လူအများနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံတတ်တဲ့ အရည်အချင်းကို ကော်ဖီတို့၊ သကြားတို့လို ၀ယ်ယူလို့ရမယ်ဆိုရင် လောကကြီးထဲက ရှိသမျှအားလုံးထက် အဲဒီအရည်အချင်းကို ဈေးပိုပေး ၀ယ်မယ်ဗျာ”လို့ John D Rockfeller က ပြောဖူးတယ်။
၉-အမြင်ပြတ်သားမှု
အရာအားလုံးဟာ စိတ်ကူးက စတာပါ။ Howard Schultz က တကမ္ဘာလုံးမှာ ဘရန်းတခုတည်းနဲ့ ကော်ဖီဆိုင်တွေဖွင့်ဖို့ စိတ်ကူးတခု ရှိခဲ့တယ်။ နောက်တော့ အဲဒီစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ပြီး Starbucks ကိုတည်ထောင်လိုက်တယ်။ “ခင်ဗျားဟာ စွန့်ဦးတည်ထွင်သူတဦးဖြစ်ချင်ရင် ကြီးကြီးကျယ်ကျယ် တွေးရမယ်၊ အဲဒီနောက်ကိုလည်း ပိုပြီး ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ချပါ၊ သူများ မမြင်တာကို ကိုယ်က မြင်ပြီး အဲဒီအမြင်ကို အကောင်အထည်ဖော်နိုင်ဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။
၁၀-စိတ်ဓါတ်ပြင်းပြမှု
ခေါင်းဆောင်ကောင်းတယောက်ဟာ ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်တယ်။ စိတ်ဓါတ်ပြင်းပြမှုနဲ့ စိတ်အားထက်သန်မှုဟာ အရေးအကြီးဆုံးပါ။ ဒါနဲ့ပတ်သက်လို့ Steve jobs က “ခင်ဗျားဟာ စိတ်ကူးတခုနဲ့ လောင်ကျွမ်းနေရမယ်၊ ပြဿနာတခု၊ အမှားတခု ကို အမှန်ဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒတွေနဲ့ တောက်လောင်နေတာမျိုးပေါ့၊ အစကတည်းက စိတ်အားထက်သန်မှုမရှိရင် သူများထက် ထူးမှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ Oprah Winfrey ကလည်း “ရမက်တခုလို စိတ်အားထက်သန်တာဟာ စွမ်းအင်ဖြစ်တယ်၊ ကိုယ့်စိတ်ကို နိုးဆွနိုင်တဲ့အရာကို လုပ်လိုက်လို့ ဖြစ်လာတဲ့ စွမ်းအားကို ခံစားကြည့်ပါ” လို့ ပြောပါတယ်။
ဥက္ကာဦး

Share this

Related Posts

Previous
Next Post »