စိုက်ခင်းတခုကို ကွင်းဆင်းရာတွင် သိသင့်သည့် အချက်အလက်များ
စိုက်ခင်းတခုကို လေ့လာချိန်မှာ မြေ မျိုး ပိုး ဥတု အဟာရုဟာ အမြဲ မစဉ်းစားလို့ မရပါဘူး။ မျိုးတခုတည်း ကောင်းရုံ မြေကောင်းရုံနဲ့ စိုက်ခင်းတခု ဖြစ်မလာပါဘူး။စိုက်ခင်း တခုကို ကွင်းဆင်းလို့ အရွက် ပင်စည် အကိုင်း အသီးမှာ ဒဏ်ရာလက္ခဏာတွေ့တိုင်းလဲ ပိုးကျတာ မဖြစ်နိုင်သလို ရောဂါနဲ့ အဟာရချို့တဲ့လို့လည်း ဖြစ်တတ်တာ မေ့မရပါဘူး။
အရင် ကျွန်တော် ကျောင်းပြီးခါစက အခုလိုပဲ အပင်ပိုးကျတာ ရောဂါကျတာလောက်ပဲ သုံးသပ်အဖြေထုတ်ခဲ့သလို မြေချဉ်တာငံတာလောက်ကို မြေ ၂နေရာ ၃နေရာလောက်ထောက်ပြီး ချဉ်တယ် ငံတယ် လုပ်ခဲ့ပါတယ်။တကယ်တန်းကျ ကျနော်လဲ အမှားယွင်းခဲ့ပါတယ်အခုလိုပဲ လူအတော်အများ မှားတတ်ပါတယ်။
ကျွန်တော်တို့ စိုက်ခင်းတခုကို သိတဲ့နားလည်တဲ့ လူတယောက်အနေနဲ့ တောင်သူက အားကိုးလို့ အကူညီပေးဆင်းကြည့်ချိန်မှာ မြေ မျိုး ပိုး ဥတု အဟာရ နည်းပညာ ကုန်ကျစရိတ်ကအစ အားလုံး ကနဦး မဖြစ်မနေမေးရပါတယ်။ဒါမှ စိုက်ခင်း ထဲက ပြသနာကို ၆၀% အဖြေထုတ်နိုင်သလို အကြံကောင်းပေးနိုင်မှာပါ။တောင်သူက အပင်လေးနှုတ် အရွက်လေးပြ ဘာဖြစ်တာမေး ဖြေသူဘက်ကလည်း ဘာဆေးဖျန်း ဆိုတာလောက်ကတော့ ထိရောက်တဲ့ဖြေရှင်းမှု မရနိုင်ပါဘူး။ပျကျလို့ ပိုးငတ်ဆေးပေး မနိုင်ဆေးပြင်းပေး လူသာလဲသွားမယ် ပျမသေတဲ့ ပြသနာမျိုးတွေ အများကြီး ရှိပါတယ်။ပိုး ရောဂါ အပေါ်မှာ ခြုံငုံ သုံးသပ်ရင် ပတ်ဝန်းကျင် ပိုးရောဂါလက်ခံတဲ့ ရာသီ ပိုးရောဂါ ဟာ အမြဲ ဆက်စပ်ပြီး ပိုးရောဂါဟာ စိုက်ခင်းတခု တည်ထောင်တာနဲ့ သူ့သဘာဝကိုက ရှိပြီးသားပါ။ဒါကို အမြစ်ပြတ် ချက်ချင်း သုတ်သင်လို့မရပါဘူး။သူတို့ကို စားသောက်နေတဲ့ နှံကောင်လို ကျိုင်းလို အကောင်တွေအတွက် အစာဖြစ်စေပါတယ်။တနည်းပြောရင် ပိုးတွေကို မိတ်ဆွေပိုးတွေ အတွက် အစာအဖြစ်ထားပေးရပါတယ်။ဆေးသုံးရမယ့်အချိန်က မိမိစိုက်ခင်း လိုအပ်တဲ့ ပိုးအရေအတွက်ထက် များချိန်မှာသာ ဆေးဖျန်းတာကို ဆေးပျော့ပျော့ကနေ ဆေးအပြင်း တဆင့်ချင်းဖျန်းသင့်တာပါ။တခါဖျန်းရင် ရှေ့ကဖျန်း နောက်က သေဆိုတာမျိုးကို ကြိုက်နေရင်တော့ ပိုးသတ်ဆေး ပီးတဲ့ ပိုးတွေ ရောဂါတွေ နောက်ဆက်တွဲ ထိန်းမရတာတွေ ရောက်လာတတ်ပါတယ်။ဒါဆောင် ရာသီဖောက်ပြီး ပိုးရောဂါ မနိုင်တာမျိုးဆို ဆေးကို အဆင့်ဆင့် ထိန်းထိန်းသိမ်းသိမ်းမလုပ်ခဲ့ရင် အကြီးအကျယ် ပြသနာတတ်ပါပြီ။
နောက်ဆက်ပြောဆွေးနွေးကြည့်ရအောင်ပါ။
မျိုး နဲ့ပတ်သက်ပြီး ဆောင်ပုဒ် ရှိပါတယ်။မျိုးစေ့ မမှန် ပင်မသန်
ဒီဆောင်ပုဒ်အတိုင်း ကျနော်တို့တောင်သူတွေ ဘယ်လို လက်ခံနေပါသလဲ။လက်ရှိတောင်သူတွေ ပဲ စပါးစိုက်သူများအနေဖြင့် မိမိကိုယ်တိုင် မျိုးခံတဲ့သူများရှိသလို ပွဲရုံတွေကနေ အလွယ်ဝယ်ယူ စိုက်ကြပါတယ်။
အပင်ပေါက်နှုန်း အထွက်နှုန်း ရောဂါ ရာသီဒဏ်ခံနိုင်မှု စတာတွေကို ကျနော်တို့တောင်သူတွေ ဘယ်လိုတိုင်းတာသလဲ။မိမိအိမ်တွင်း မျိုးကို သုံးမယ်ဆိုရင် မျိုးထိန်းသိမ်းနည်း အဆင့်ဆင့် မျိုးကောင်းမျိုးသန့်ရွေးချယ်မှု နည်းလမ်းကို စနစ်တကျ ရှိ မရှိစတာတွေကို လေ့လာသင့်ပါတယ်။မိမိအိမ်ကမျိုးကို ခံတာကို မျိုးကောင်းမျိုးသန့်မခေါ်နိုင်သလို လက်ရှိအနေအထားမှာ မျိုးရိုးဗီဇ အနေဖြင့်တွင်ရင်တောင် တီ တွတ် အဆင့်လောက် ရှိနေတတ်ပါတယ်။
မြေနဲ့ပတ်သက်ရင်တော့ တောင်သူ၁၀၀မှာ ၄၀လောက် မြေချဉ်တာ ငံတာ သိရှိနားလည်နေကြပါပြီ်အချို့တောင်သူကြီးများဆိုလျှင် soil pH meter မြေချဉ်ငံတိုင်းစက် ကိုယ်စီတောင် ထားရှိ တိုးတက်လာတာတွေ့ရပါတယ်။ဒါပေမယ့် နဲနဲလေး လွဲချော်မှုတွေကို မြင်နေရပါတယ်။ဥပမာ မြေတဧကလောက် အခင်းမှာ မြေချဉ်ငံတိုင်းစက်လေးနဲ့ ၃နေရာ ၄နေရာလောက်ထောက်ပြီး ချဉ်လွန်းနေတယ် ငံလွန်းနေတယ်ဆိုရင် မှားနေပါပြီ။အချို့သူတွေကြတော့ မြေနမူနာယူခဲ့ မြေစမ်းပေးမယ် ဆိုပြီး မြေနမူနာယူနည်းမပြောပဲ ကြုံတဲ့နေရာက ယူလာခဲ့ပြီး မြေကိုတိုင်းမယ် pH ၅.၅နဲ့၆.၅ကြားမရှိလျှင် မြေတွေပျက်နေပြီ မကောင်းဘူး အော်နေလို့မရပါဘူး မမှန်ပါဘူး။တကယ်တန်းက မြေကို ချဉ်တာ ငံတာတိုင်းမယ်ဆိုရင် အပင်ခြေရင်း မြေဆွေးပုံ နွားချေးပုံထားတဲ့ မြေကို မယူရပါဘူး။မြေတိုင်းကိရိယာနဲ့ လိုက်တိုင်းမယ်ဆိုရင်လည်း တဧကကို နေရာအနည်းဆုံး ၁၀နေရာအထက် တိုင်းပြီး ထွက်လာတဲ့ ကိန်းဂဏန်းအားလုံးကို ပေါင်းပြီး အကြိမ်ရေနဲ့စားမှသာ ၆၀% သာမှန်တဲ့ အဖြေကို ရပါတယ်။နေရာတွေကို အကြိမ်များလို့သွားရတာခက်ခဲမယ်ဆိုလျှင် မြေတိုင်းကိရိယာက တခြားလူဆီမှာ သွားတိုင်းရမှာဆိုလျှင်လည်း မြေကြီး တပြည်စာလောက်ရဖို့ အောက်ပါနည်းအတိုင်းဆောင်ရွက်ရပါတယ်။စိုက်ခင်းနယ်နိမိတ်မှ ပေ၃၀ အကွာမှ စပြီး ၁၀နေရာခန့်က မြေနေရာများကို ကျပန်းမှတ်သား ယူရပါတယ်။မြေကို အင်္ဂလိပ် အက္ခရာ V ပုံ ပေါက်ပြားနဲ့ပေါက်ပြီး အတွင်းသားမြေကို ဖယ်ပါ။Vမျက်နှာပြင်ကို ဘေးမှ လက်မဝတ်ခန့် ထက်ပြီး V ပုံစံ ထပ်လှီးပြီး မြေကို ယူရပါတယ်။အလို ၁၀နေရာကမြေကို အခင်းတခုအောက်တွင် စုပြီး သမအောင်မွှေပေးပါ။ပြီးလျှင် အခင်းပေါ်ဖျန့်ခင်းပြီး ၄ခေါက်ချိုး ပြီး တပုံကိုယူပါ။မြေကို အခင်းတွင် ဖြန့် ပြီး တပုံယူနည်းအတိုင်း မြေကြီးတပြည်သားအထိ ရောက်အောင် ယူရပါမယ်။ထိုမြေကြီးကိုမှ မြေတိုင်းကိရိယာထောက်မှာသာ အဖြေကောင်းတခုကိုရပါတယ်။မြေနေရာ များများစုဆောင်းပြီး လုပ်ကိုင်မှသာ အမှား အကင်းဆုံး မြေချဉ်ငံကိန်း တခုကို ရရှိပါလိမ့်မယ်။ဒါတောင် မိုးရွာစဉ် မိုးရွာပြီး တရက်အတွင်းမြေကို စမ်းရင် အဖြေမှန်မရနိုင်ပါဘူး။စိုက်ခင်း တခုမှာ မြေချဉ်ငံကိန်း၅.၅ မှ၆.၅ သည် အကောင်းဆုံး တရားသေမှတ်လို့မရနိုင်ပါဘူး။မိုးတွင်းကာလ တောင်ပေါ်ဒေသအများစုနဲ့ မိုးများတဲ့ဒေသတွေမှာ မြေချဉ်ကိန်း အလွန်မင်းကျဆင်းတတ်တဲ့သဘောရှိတတ်ပါသေးတယ်။တကယ် အခြေနေမှန်သုံးသပ်တတ်ဖို့ကအရမ်းအရေးပါတဲ့ ကဏ္ဏတခုဖြစ်တာကြောင့် ကျွမ်းကျင်နားလည်တဲ့ စိုက်ပျိုးရေးသမားတွေနဲ့ တိုင်ပင် လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။တချို့နေရာတွေမှာ မြေသြဇာ အလွန်အကျွံသုံးလို့ မြေပျက်ရင် မြေတွေ ချဉ်တတ် ငံတတ်ပေမယ့် မြေချဉ်တိုင်း ငံတိုင်း မြေသြဇာ အလွန်ကျွံသုံးတယ်လို့ယူဆလို့မရပါဘူး။တခါတရံမှာ ရာသီဥတုကြောင့် မြေမှာ ပြသနာ တတ်တာမျိုးလဲရှိတတ်ပါတယ်။တောင်ပေါ်ဒေသ ခဲမြေလိုနေရာမျိုးမှာ မြေအောက်မှာ ကျောက်ဖျာ သဘောရှိတတ်လို့ ခြောက်သွေ့ရာသီမှာ ရာသီသီးနှံတွေ ဖြစ်ထွန်းပေမယ့် မိုးတွင်းမှာ စိမ့်ဖန်းလွန်းပြီး အပင်စိုက်မရတတ်တာ ရာသီကြောင့်ပါ။မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဒီရေတတ်ရင် ဆားကန်ရေနဲ့ နူန်းတင်ကျန်လေ့ရှိပါတယ်။ဒါကို မိုးကောင်းတဲ့ဒေသတွေဖြစ်တဲ့အတွက် မိုးရေချိန်လက်မ ပြည့်မှီအောင်ရွာချိန်မှာ မိုးရေနဲ့အတူ ဆားတွေဟာ ပင်လယ်ထဲပြန်ဆင်းပြီး နူန်းတင်မြေနုတွေ ဖြစ်ထွန်းပြီး စိုက်ပျိုးရေးအောင်မြင်ခဲ့ကြပါတယ်။ယခုလက်ရှိအနေအထားမှာ မိုးရေချိန် လက်မ ပြည့်မှီအောင် မရွာနိုင်တော့လို့ ဆားပေါက်မြေတွေများလာတာ ရာသီကြောင့်ဆိုတာ ငြင်းစရာမရှိပါဘူး။နောက်ဆုံးဖြစ်တဲ့ အဟာရကတော့ မြေသြဇာသုံးတာများလာလို့ ပြောစရာက စနစ်တကျကျွေးတတ်ဖို့ အရေးကြီးလာပါတယ်။မြေကြီးတခုမှာ မြေသြဇာတွေ ကျွေးတိုင်း အပင်အတွက် အဟာရ မဖြစ်တတ်ပါဘူး။တခါတရံမှာ လိုအပ်တာထက် ပိုကျွေးလို့ အဆိပ်ဖြစ်ကုန်သလို မြေကြီးအတွင်း ရှိရမယ့် တီ အကျိုးပြု မှို ဘက်တီးရီးယားတွေ အဖျက်စီး ခံရပါတယ်။မြေသြဇာကို အကြိမ်ရေများများ ပမာဏနဲနဲ နဲ့ ခွဲခြားစိတ်ဖြာ ကျွေးတာ ကောင်းတဲ့ အလေ့အထ တခုပါ။ဒါပေမယ့် အင်းလေးလိုဒေသ ရေပေါ်စိုက်ခင်းတွေအတွက်တော့ အခုပြောတဲ့နည်းက အဆင်မပြေနိုင်ပါဘူး။
မြေတွင်း အဟာရကမြေချဉ်ငံကိန်းနဲ့ ဆက်စပ်မှုဖြစ်နေတာ ထူးခြားချက်ပါ။မြေတွင်း မြေဆွေးဓာတ်ကို များများထည့်သွင်းပြီး ဓာတုမြေသြဇာကို လျော့ချနိုင်ဖို့က အလွန် အရေးကြီးတဲ့ အချက်ပါ။ကျနော် အခုပြောဆို တင်ပြနေတာတွေဟာ ကျနော် ရောက်ခဲ့တဲ့နေရာ ဒေသတွေမှာ မြင်တွေ့သမျှတွေအပေါ် ခြုံငုံတင်ပြခြင်းဖြစ်ပါတယ်။တကယ်လည်း မှားယွင်းနေကြလို့ နည်းလမ်းကောင်းများရရင် ဆောင်နိုင်ရှောင်နိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ခန့်ဇော်ထက်
Agricultural Consultancy Organization Myanmar
ACOM
Share this