ပြည်ပဈေးကွက်ဝင် အရည်အသွေးရရှိရေး ပြည်နယ်လေးခုတွင် ကျွဲကောသီးခြံ ခုနှစ်ခု စံပြစိုက်မည်

ပြည်ပဈေးကွက်ဝင် အရည်အသွေးရရှိရေး ပြည်နယ်လေးခုတွင် ကျွဲကောသီးခြံ ခုနှစ်ခု စံပြစိုက်မည် ===================================================== ၀တ်ရည်မွန်(AMIA) ပြည်ပဈေးကွက်ဝင်နိုင်မည့် အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် အပြည်နယ်တိုင်းလေးခုမှ ကျွဲကောခြံ ခုနှစ်ခြံကို နှစ်နှစ် စီမံကိန်းဖြင့် စံပြစိုက်ပျိုးသွားမည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ အသင်းမှ သတင်းရရှိသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့်ပဲခူးတိုင်းတို့တွင် စံပြစီမံကိန်းအဖြစ် စမ်းသပ်စိုက်ပျိုးမည် ဖြစ်ပြီး ထိုစီမံချက်ဖြင့်စိုက်ပျိုးထားသော ကျွဲကော ခြံများ မှ အသီးအရည်အသွေး ကို နိုင်ငံတကာ ဈေးကွက် ၀င်အရည်အသွေး အသိအမှတ်ပြု လက်မှ (GAP)ရရှိနိုင်ရေး ရည်ရွယ်သည် ဟု ဆိုသည်။ “တကယ်ကို တက်တက်ကြွကြွလုပ်နိုင်တဲ့ ခြံတွေကိုရွေးချယ်ထားတာပါ၊ တောင်သူက စိုက်ပျိုးဖို့ ငွေကြေးမတက်နိုင်ရင်လည်း အသင်းကနေ တစ်ဝက်စိုက်ပြီး လုပ်ပေးတယ်။ အဓိက ကတော့ အဲ့ဒီအသီးတွေကို နိုင်ငံခြားဈေးကွက်ဝင်ဖို့ပါ။မြန်မာနိုင်ငံ အသိ အမှတ်အပြုလက်မှတ်တင်မဟုတ်ပဲ၊ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ကိုရဖို့ရည်ရွယ်တယ် ”ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ ဥက္ကဌဦးစိုးသန်းမင်းဒင်ကAMIAကိုပြောသည်။ လတ်တလောမှာ ကျွဲကောသီးမျိုးစိတ်ပေါင်း နှစ်ဆယ်ကျော် စိုက်ပျိုးလျှက်ရှိသော်လည်း နိုင်ငံခြားဈေးကွက်ဝင်ရန်အတွက် ဒေသမျိုးရင်းဖြစ်သည့် ပန်းရောင်ထိပ်ဝိုင်း(ပန်းတစ်)တစ်မျိုးတည်းကိုသာ စိုက်ပျိုးရန် တောင်သူများကို ပညာပေးထားသည်။ “ကျွဲကောသီးကို စင်ကာပူကို အစမ်းတင်ပို့ဖူးတယ်၊ဒါပေမယ့် အရွယ်အစားမညီဘူး၊မျိုးတွေက ခွဲလို့မရဘူး။အဲ့ဒါကြောင့် အဆင် မပြေဘူး ၊ပြီးတော့ တရုတ်ကိုတင်ပို့တယ် ဒါပေမယ့် ရတဲ့ဈေးနှုန်းက ပြည်တွင်းကတောင်ပိုရနေသေးတယ်၊ အဲ့ဒီအတွက် ဈေးပို ရအောင် စိုက်ပျိုးတဲ့နည်းကိုအဆင့်မြှင့်တာ”ဟု ဦးစိုးသန်းမင်းဒင်က လတ်တလော ဈေးကွက်အခြေအနေ ကိုရှင်းပြသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျွဲကောစိုက် ဧက ၁၀၀၀ နီးပါးရှိပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသတို့တွင် အဓိကစိုက်ပျိုးသည်။ လက်ရှိတွင်ကျွဲကောသီး ကို ပြည်တွင်းဈေးကွက်တွင်သာ တွေ့ရပြီး နိုင်ငံခြားဈေးကွက်ကို တင်ပို့ နိုင်ခြင်းလည်းမရှိသေးကြောင်း ဈေးကွက် သတင်းများအရ သိရ သည်။

Share this

Related Posts

Previous
Next Post »