တစ်ခါတုန်းက

တစ်ခါတုန်းက စီးပွားရေးမှာ အောင်မြင်ပြီး အရမ်းကျော်ကြားတဲ့ မီလျှံနာ ပရော်ဖက်ဆာသူဌေးကြီးတစ်ဦးရှိတယ် ။ အတွေးအခေါ်ကောင်းတွေနဲ့ သူ့စီးပွားရေးဟာ အောင်မြင်မှုတွေရလာတာနဲ့အမျှ သူကလည်းထင်ပေါ်လာခဲ့တယ် ။ သူပို့ချတဲ့ စီးပွားရေး ဆိုင်ရာ အတွေးအမြင်တွေဟာ ကောင်းလွန်းလို့ ကမ္ဘာအနှံ့က စီးပွားရေးပညာရှင်တွေ အမြဲလာရောက်နားထောင်ကြပါတယ် ။ တစ်နေ့တော့ ပရော်ဖက်ဆာဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ အနားယူဖို့ပြန်လာခဲ့တယ် ။ ဒါပေမယ့် သူ့ရပ်ရွာကလူတွေအတွက် နောက်ဆုံးအနေနဲ့ သင်တန်းတစ်ခုပေးမယ် ဆိုပြီး ကြေငြာလိုက်ပါတယ် ။ အတွေးအမြင်ဆိုင်ရာသင်တန်းကို သင်ယူလိုသူဒေသခံများစွာထဲက လူငယ်ငါးဦးကို သူဌေးကြီးကရွေးချယ်ခဲ့တယ် ။ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို အရမ်းနာမည်ကြီးတဲ့တက္ကသိုလ်ကြီးရဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်တာမို့ သူ့စကားတွေဟာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ လူတိုင်းကယုံကြည်ကြတယ် ။ ပရော်ဆာက လူငယ်ငါးဦးကို ပြောတယ် ။ “ သင်ခန်းစာကို မသင်ကြားပေးခင် ငါးသွားမျှားကြပါ ” ဆိုပြီး ငါးမျှားတံငါးခုကို ပေးလိုက်တယ် ။ ဒါပေမယ့်လူငယ်ငါးဦးစလုံးဟာ ငါးမမျှားတတ်ကြပါဘူး ။ မကျွမ်းကျင်ကြဘူး ပြီးတော့ ငါးရှိမဲ့ကန်ကိုရောက်ဖို့တောင် နေ့တစ်ဝက်လောက်ခရီးသွားရမှာဖြစ်တယ် ။ ဒီလိုနဲ့လူငယ်ငါးဦးစလုံးငါးမျှားတံတွေကိုင်ပြီး အသီးသီးထွက်ခွာခဲ့ကြတယ် ။ ငါးမျှားတဲ့ကန်ရောက်တော့လည်း သင့်တော်ရာနေရာမှာ အသီးသီးနေရာယူပြီး ငါးမျှားကြတယ် ။ ညရောက်တဲ့အခါ ပရော်ဖက်ဆာ ကြီးဆီပြန်ရောက်လာခဲ့ကြတယ် ။ လူငယ်ငါးဦးထဲမှာ နှစ်ဦးက ငါးရလာပြီး ၃ ယောက်ကတော့ငါးမရပါဘူး ။ ငါးရလာတဲ့တစ်ယောက်ရဲ့ငါးဟာ အကြီးကြီးဖြစ်ပြီး နောက်တစ်ယောက်ရဲ့ငါးကတော့ ပုံမှန်အရွယ်အစားပါပဲ ။ ငါးအကြီးကြီး ရလာတဲ့ လူရဲ့မျက်လုံးတွေကိုကြည့်ပြီးပရော်ဖက်ဆာကပြောတယ် ။ “ မင်းဟာ ငါးမျှားလာတာမဟုတ်ဘူး ဈေးထဲက ငါးတွေကို ၀ယ်လာခြင်းသာဖြစ်တယ် ဘာလို့လည်းဆိုတော့ အဲဒီကန်မှာ ဒီလောက်ကြီးတဲ့ငါးမျိုးမရှိဘူး ” အဲဒီအခါ ငါးမျှားတဲ့လူလည်း အမှန်အတိုင်းဈေးထဲက၀ယ်လာခြင်းဖြစ်ကြော်းဝန်ခံရပါတော့တယ် ။ ပရော်ဖက်ဆာကဆက်ပြောတယ် “ အောင်မြင်မှု ရဖို့ အဖြောင့်တန်းဆုံးလမ်းဟာ အနီးဆုံးပါပဲ ကိုယ်တကယ်အောင်မြင်ချင်ရင် ဖြောင့်မတ်ရမယ် မရိုးမသားလုပ်ခြင်းက ရေရှည်မခံဘူး ရှုံးနိမ့်မှုဆီပဲဦးတည်စေတယ် ” နောက်ထပ်ငါးမရတဲ့သူ သုံးယောက်ကိုလည်း ဘာလို့ငါးမရတာလဲ မေးပြန်တယ် သူတို့အတွေ့အကြုံတွေကိုပြောခိုင်းပါတယ် ။ တစ်ယောက်ကစဖြေတယ် “ ကျနော်ငါးမျှားတော့မျှားတာပါပဲ ငါးမှ မရှိတာ ဒါကြောင့်မရတာပါ ” တဲ့ ။ ဒုတိယလူကလည်းဖြေတယ် “ ကျနော်ငါးပွက်တဲ့နေရာတိုင်းကို လိုက်မျှားပါတယ် ငါးတွေကလည်း ဟိုနားပွက်လိုက်ဒီနားပွက်လိုက်နဲ့ ငါးမျှားတံချလိုက်တင်လိုက်နဲ့ နောက်ဆုံးငါးမရခဲ့ပါဘူး ” နောက်ဆုံးတစ်ယောက်ကဖြေတယ် “ ကျနော်ငါးမျှားတော့ ငါးက ငါးမျှားချိတ်ကို လာဟပ်ပါတယ် ဒါပေမယ့် ဆွဲမတင်ရဲခဲ့ဘူး ငါးလွတ်သွားမှာစိုးလို့ပါ မိနေတဲ့ငါး မောတဲ့အချိန်ကိုစောင့်ပါတယ် သူမောသွားမှ ဆွဲတင်မယ်ဆိုပြီး ဒါပေမယ့် ငါးကမရပ်ပါဘူး ရုန်းရင်းနဲ့လွတ်ထွက်သွားပါတယ် အဲဒီလိုနဲ့ငါးမရခဲ့ပါဘူး ” ပရော်ဖက်ဆာကပြုံးပြီး ငါးရလာတဲ့လူငယ်ကိုမေးလိုက်တယ် ။ ငါးရလာတဲ့လူငယ်ကဖြေတယ် “ ပထမဆုံးငါးပွက်တဲ့နေရာကိုရှာတယ် ပြီးတော့ ငါးမျှားတံကိုချပါတယ် အကြာကြီးစောင့်ပါတယ် ငါးလာဟပ်ပါတယ် ဆွဲတင်တယ် ပြန်ရုန်းတယ် ပြန်လျော့ပေးလိုက်တယ်ပြီးတော့ပြန်ဆွဲတင်တယ် နောက်ဆုံးငါးဟာကိုယ့်ဖက်ကို ပါလာပြီးငါးကိုမိပါတယ် ” လို့ဖြေလိုက်ပါတယ် ။ ပရော်ဖက်ဆာက အားလုံးကိုပြောလိုက်တယ် “ အောင်မြင်မှုဆိုတာ ငါးမျှားခြင်းနဲ့တူပါတယ် ငါးမျှားခြင်းအတတ်ဟာ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်စားပြုပါတယ် အောင်မြင်မှုကို လူတိုင်းတော့လိုချင်ကြတယ် ဒါပေမယ့် စစ်မှန်တဲ့အောင်မြင်မှုရဖို့အတွက် မဖြောင့်တဲ့မရိုးသားတဲ့နည်းလမ်းကို သုံးလို့မရဘူး အောင်မြင်မှုက တာရှည်မခံတတ်ဘူး နောက်ပြီးအောင်မြင်မှုနောက်ကိုချည်းမလိုက်နဲ့ အရည်အချင်းနောက်ကို လိုက်ရမယ် ငါးနောက်တကောက်ကောက်လိုက်နေတဲ့လူလို မောတာပဲ အဖတ်တင်မယ် ငါးရမှာမဟုတ်ဘူး ငါးမျှားတံ ကို ရေထဲချထားသလိုပဲ ကိုယ့်အရည်အချင်းကို ပြင်ဆင်ထား အောင်မြင်မှုဆိုတဲ့ငါးက အခွင့်အရေးတစ်ရပ်အနေနဲ့လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်လိုက်ရမယ် ငါးက လာဟပ်ရဲ့သားနဲ့နှောင့်နှေးရင်လည်းလွတ်တတ်တယ် ကိုယ့်ဖက်ကသာ အရည်အချင်းဆိုတဲ့ ငါးမျှားတံကို ငါးရှိတဲ့နေရာမှာ ချထားခဲ့ရင်အောင်မြင်မှုဆိုတဲ့ငါးက လာဟပ်ကိုဟပ်ပါတယ် ”

Share this

Related Posts

Previous
Next Post »