ဖောက်သည်တွေကို ဘယ်လို ဆက်ဆံကြမလဲ

ဖောက်သည်တွေကို ဘယ်လို ဆက်ဆံကြမလဲ
စီးပွားရေး လုပ်ငန်းတစ်ခု ရပ်တည် ရှင်သန်ဖို့ အတွက် ဘယ်အရာက အရေးကြီးဆုံး ဖြစ်မလဲ ဆိုရင် ' ဖောက်သည် ' တွေပါ။ ဖောက်သည် တွေမှ မရှိဘူး ဆိုရင် အမြတ်အစွန်း မပြောပါနဲ့ လုပ်ငန်း ရယ်လို့တောင် ဖြစ်တည် လာမှာ မဟုတ်ပါဘူး။ အဲဒီတော့ လုပ်ငန်းရဲ့ အသက် သွေးကြော ဖြစ်တဲ့ ဖောက်သည် တွေကို ကိုယ်က ဘယ်လို ပုံစံမျိုးနဲ့ ဆက်ဆံ ရမလည်း ဆိုတဲ့ အချက်က အဓိက အရေးပါ လာပါပြီ။
အောင်မြင်စွာ လည်ပတ် လုပ်ကိုင်နေတဲ့ လုပ်ငန်း တွေကို ကြည့်လိုက်မယ် ဆိုရင် သူတို့တွေဟာ ဖောက်သည် တွေကို ဂရုတစိုက်နဲ့ တကယ်ကို စိတ်ရင်း စေတနာ ထားပြီး ဆက်ဆံ ပေးတတ် ကြတာကို တွေ့ရပါတယ်။ ' သူတို့တွေ လာဝယ်လို့ ငါတို့မှာ ရောင်းနေရတာ ' ဆိုပြီး ဖောက်သည် တွေကို ကျေးဇူးရှင် တွေလို သဘောထားပြီး ဆက်ဆံ တတ်ကြ ပါတယ်။ တစ်ချို့ဆို မိမိရဲ့ ဖောက်သည် တွေကို ညအိပ်ရာ ဝင်တိုင်း မေတ္တာပို့ပြီး ဘေးကင်း စေဖို့တောင် ဆုတောင်း ပေးတတ် ကြပါတယ်။
မြန်မာ့ ဇတ်သဘင်မှာ ထိပ်ထိပ်ကျဲ နာမည်ကြီး ခဲ့တဲ့ မင်းသားကြီး ရွှေမန်းတင်မောင်ကို လူတိုင်း သိကြမှာပါ။ တစ်နေ့ မင်းသားကြီးဟာ ညပိုင်း ကပြဖို့ အတွက် နေ့ခင်း အချိန်မှာ ဇတ်စာတွေကို ကျက်မှတ် နေပါတယ်။ အဲ့လို နေ့ခင်းဘက် နေကျဲကျဲ တောက် ပူနေတဲ့ အချိန်မှာ မင်းသားကြီးရဲ့ ပွဲကို ကြည့်ဖို့ အတွက် အနယ်နယ် အရပ်ရပ်က လှည်းတွေ နွားတွေနဲ့ လာကြတဲ့ ဧည့်ပရိတ်သတ်ကို ကြည့်ပြီး အနီးနားက မင်းသမီးကို ' အဲဒါ ငါတို့ ထမင်းရှင် ကျေးဇူးရှင်တွေ..လာ ကန်တော့မယ် ' ဆိုပြီး ဇတ်စင် အကွယ်ကနေ ထိုင်ကန်တော့ ပါတယ်။
ဒါ့ကြောင့်မို့ မင်းသားကြီးဟာ သူ့ရဲ့ ပရိတ်သတ် တွေကို ကျေးဇူးရှင် အဖြစ် ဦးထိပ် ပန်ဆင်ပြီး သူတတ်ကျွမ်းတဲ့ အဆို၊ အကတွေနဲ့ တစ်ဖန်ပြန်ပြီး အားပါးတရ အစွမ်းကုန် ဖျော်ဖြေ ပေးတတ် ပါတယ်။ ဒီလိုကြောင့်လဲ မင်းသားကြီးကို တစ်ပြည်လုံးက ချစ်မြတ်နိုး ကြပြီး ဝက်ဝက်ကွဲ အားပေးခဲ့ကြ တာပါ။ မင်းသားကြီးရဲ့ ပရိတ်သတ် အပေါ်မှာ ထားတဲ့ စိတ်ရင်း စေတနာမှန် ကြောင့်သာ အခု အချိန်ထိ အားလုံးက တသသနဲ့ ဖြစ်နေကြ တာပါ။
နောက်ထပ် တစ်ယောက် ရှိပါ သေးတယ်။
သူကတော့ 1900 ဝန်းကျင် လောက်က အမေရိကန်ရဲ့ နာမည် အကြီးဆုံး မျက်လှည့် ပညာရှင် တစ်ယောက် ဖြစ်တဲ့ Howard Thurston ပါ။ အဲဒီ ခေတ်တုန်းက မျက်လှည့် ပညာ အရ Howard Thurston လို တတ်ကျွမ်း သူတွေ အများကြီး ရှိတဲ့ အထဲကမှ ပွဲကြည့် ပရိသတ် တွေဟာ Howard Thurston ကိုပဲ သဲသဲလှုပ် အားပေးကြ ပါတယ်။ ဘာ့ကြောင့် ပါလဲ။
တခြား မျက်လှည့်ဆရာ များဟာ သူတို့ ဖျော်ဖြေရမယ့် ပရိသတ်ကို ကြည့်ပြီး ' ဒီနေ့ ငါ့ပွဲ လာကြည့်တဲ့ ငနဲ တွေကို အရှုး လုပ်လိုက် ဦးမှပဲ ' ဆိုတဲ့ သဘောထားမျိုး ထားကြတာ များပါတယ်။ အဲ့ဒီ အချိန်မှာ Howard Thurston ကတော့ ' ကျေးဇူးရှင်တွေ လာလို့သာ ငါ့မှာ ချောင်လည်တာ၊ ဒီကျေးဇူးရှင် တွေကို ငါတတ်သမျှ ပညာနဲ့ အစွမ်းကုန် ဖျော်ဖြေ ဦးမှပဲ ' ဆိုတဲ့ စိတ်မျိုး၊ စေတနာမျိုး ထားနိုင်တဲ့ သူပါ။ ပရိတ်သတ်ရှေ့ ရပ်တိုင်း ရပ်တိုင်း ' ငါ့ ပရိတ်သတ်များ ကျမ်းမာ၊ ချမ်းသာ ကြပါစေ ' လို့ အမြဲတမ်း မေတ္တာ ပို့ပေးတတ် ပါတယ်။
အဲဒီတော့ မိမိရဲ့ Customer အပေါ်မှာ တကယ်ကို စိတ်ရင်း စေတနာ အမှန်နဲ့ ဆက်ဆံ ကြတဲ့ သူတွေဟာ အောင်မြင်ကြ ပါတယ်။ Customer တွေဟာ မိမိကို မှီခိုနေတဲ့ သူတွေ မဟုတ်ပဲ မိမိကသာ Customer အပေါ်မှာ မှီခို နေရ ပါတယ်လို့ သဘောပေါက် နားလည် ကြတဲ့ သူတွေဟာ အောင်မြင် ကြပါတယ်။ Customer တွေဟာ မိမိရဲ့ ထမင်းရှင် ကျေးဇူးရှင်တွေ ဖြစ်တယ်လို့ သတ်မှတ်တဲ့ နေ့ကစပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ အားလုံးဟာ အရင်ထက် အဆင်ပြေ ချောမွေ့လာပါတော့တယ်။
Naung Naung ( START OIL )
‪#‎NaungNaungSuccessArticles‬

Share this

Related Posts

Previous
Next Post »