နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ-အဆက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ-အဆက် Farmland Consolidation Projects In Naypyitaw အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆိုသည်မှာ - ၁။ ပုံသဏ္ဍာန် ပြောင်းလဲခြင်း Shape of boundary ၂။ အရွယ်အစား သတ်မှတ်ခြင်း Size ဟူ၍ူ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ဆက်လက်ဖော်ပြခြင်း ဖြစ်ပါသည်။ ၃။ ရေသွင်းရေထုတ်စနစ် Irrigation & Drainage System အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း မဆောင်ရွက်မှီ မူလ ဆည်ရေသောက် လယ်မြေများ ဆည်ရေ ရယူသုံးစွဲရသည့်နည်းလမ်းမှာ ခွက်ဆင့်သောက်စနစ် ဟုခေါ်သော မြောင်းမကြီးများနှင့် အနီးဆုံးရှိသည့် လယ်များမှ တဆင့် ဆည်ရေကို အဆင့်ဆင့် သယ်ယူသုံးစွဲရခြင်း ဖြစ်ပေသည်။ Plot-To-Plot System ဟုခေါ်ပါသည်။ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်သည့်အခါ လယ်ကွက်တစ်ခုချင်းစီ အတွက် ဆည်ရေရယူ သုံးစွဲနိုင်သည့် မြောင်းစနစ်ကို ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်သည့် လယ်ကွက်တစ်ခုချင်းစီ၏ နံဘေးတွင် ရေသွင်းမြောင်း၊ ရေနှုတ်မြောင်းများ ကပ်လျှက်ပါရှိမည် ဖြစ်ပေသည်။ ၄။ မြေညှိခြင်း Farm Leveling လယ်ကွက်တစ်ခု၏ မြေပြင်ညီ အနေအထား Farm Level သည် ၀% Gradient ဖြစ်လျှင် အကောင်းဆုံး ဖြစ်ပေမည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် Laser Leveller ကို အသုံးပြုကြပါသည်။ Gradient ကွာခြားမှု အနည်းအများအပေါ် မူတည်၍ Dozer မြေညှိစက်ဖြင့် သော်လည်းကောင်း Leveller ဖြင့် သော်လည်းကောင်း အသုံးပြုနိုင်သော ရံပုံငွေ ပမာဏအပေါ် မူတည်ကာ ဆောင်ရွက်ကြရပေသည်။ ၅။ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း Construction of Farm Road မူလလယ်ယာမြေများတွင် စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူပို့ဆောင်ရန်အတွက် အခြားသူတပါးတို့၏ လယ်ကွက်များမှ ဖြတ်သန်းသွားလာရမည်။ နွားလှည်း၊ ကျွဲလှည်းကိုသာ အသုံးပြုနိုင်မည်။ အလုပ်သမားကို အားကိုးရမည်။ စိုက်ပျိုးထုတ်လုပ်မှုစရိတ် ပိုမိုသုံးစွဲရသည်ဟု ဆိုနိုင်ပါသည်။ အဆင့်မြင့်လယ်ယာမြေ ဆောင်ရွက်သည့်အခါ လယ်ကွက်တိုင်းအတွက် ကုန်ထုတ်လမ်းများ ရှိလာမည် ဖြစ်ပေသည်။ Combined Harvester ရိတ်သိမ်းခြွေလှေ့စက်အား ငှားရမ်းသုံးစွဲနိုင်မည်။ ထော်လာဂျီဖြင့်လည်းကောင်း ကားဖြင့်လည်းကောင်း သယ်ယူနိုင်မည်။ မိမိ၏ လယ်ကွက်ရှိရာသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင် မည်ဖြစ်သဖြင့် ပိုမိုဂရုစိုက် ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။ ၆။ ရေယူရေနုတ်အဆောက်အအုံများ ဆောက်လုပ်ခြင်း Construction of Irrigation & Drainage Facilities အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်ရာတွင် လိုအပ်သော ရေပေးမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်သည့်အခါ ရေယူရေနုတ် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ကုန်ထုတ်လမ်းဖြတ်ပြွန်များ ဆောက်လုပ်ခြင်း၊ မြောင်းဖြတ်တံတားများ ဆောက်လုပ်ခြင်း အစရှိသည့် မဖြစ်မနေ ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများ ပါဝင်လာမည် ဖြစ်ပေသည်။ ၇။ ပိုင်ဆိုင်မှုမြေနေရာများ ပြန်လည်ခွဲဝေ သတ်မှတ်ပေးခြင်း Reallocation သတ်မှတ်ထားသည့် အဆိုပြု ဧရိယာတစ်ခုတွင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးသောအခါ ယင်းဧရိယာအတွင်းရှိ တောင်သူများအား ယင်းတို့၏ မူလပိုင်ဆိုင်မှုများအတိုင်း ပြန်လည်ခွဲဝေ ပေးရပေမည်။ မြေနေရာများအားလည်း မူလပိုင်ဆိုင်သည့် မြေနေရာများနှင့် အနီးစပ်ဆုံးရှိသည့် နေရာများအတိုင်း ပြန်လည်ခွဲဝေ သတ်မှတ်ပေးရပေမည်။ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ ရေမြောင်းများ ဖောက်လုပ်ခြင်းတို့အတွက် အသုံးပြုရသည့် မြေနေရာများအား ယင်းဧရိယာရှိ တောင်သူများမှ အချိုးကျ ခွဲဝေ ကျခံရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်(၇)ချက်သည် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် အခြေခံအချက်များဟု ဆိုနိုင်ပါသည်။

Share this

Related Posts

Previous
Next Post »