ဘဏ္ဍာရေးရှင်းတမ်းများအကြောင်း တစေ့တစောင်း

ဘဏ္ဍာရေးရှင်းတမ်းများအကြောင်း တစေ့တစောင်း နေ့စဉ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများအား စိစစ်ပြီး သက်ဆိုင်ရာကာလအလိုက် စာရင်းရှင်းတမ်းများ ရေးဆွဲ မှတ်တမ်း ပြုစုလေ့ရှိပြီး စာရင်းရေးဆွဲနည်း စံချိန်စံညွှန်းများနှင့် စနစ်တကျ ရေးဆွဲလေ့ရှိသည်။ စာရင်းရေးဆွဲနည်းများမှာ လုပ်ငန်း၏ လိုအပ်ချက်အရ ရေးဆွဲရလေ့ရှိပြီး Financial Accounting, Management Accounting, Cost Accounting, Tax Accounting စသည်ဖြင့် အမျိုးမျိုး ကွဲပြားခြားနားလေ့ရှိကြသည်။ စာရင်းရှင်းတမ်းများမှ အချက်အလက်များအား အသုံးပြုသူများ (Users)၊ စာရင်းရှင်းတမ်း ရေးဆွဲရသည့် ရည်ရွယ်ချက်၊ ရေးဆွဲလေ့ရှိသည့် အချိန်ကာလ (Reporting Period) များ အပေါ်မူတည်ပြီး ဘဏ္ဍာရေးရှင်းတမ်းများမှာ ကွဲပြားခြားနားမှုများ ရှိနိုင်သည်။ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲရာတွင် စာရင်းစံညွှန်းများဖြစ်သော Generally Accepted Accounting Principle/ International Accounting Standard/ Financial Accounting Standards စသည်တို့မှ ချမှတ်ထားသော စံညွှန်းများကို အခြေခံ ပြီး ရေးဆွဲလေ့ရှိကြသည်။ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲရာတွင် အောက်ဖော်ပြပါ ရှင်းတမ်းများကို ရေးဆွဲလေ့ရှိကြသည်။ ၁။ Income Statement (အရှုံးအမြတ်စာရင်း) ၂။ Statement of Financial Position (ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း) ၃။ Statement of Cash Flows ( ငွေသားလှည့်လည်စီးဆင်းမှုရှင်းတမ်း ) ၄။ Statement of Changes in Equity ( လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှု ရှင်းတမ်း ) I. Income Statement (အရှုံးအမြတ်စာရင်း) လုပ်ငန်း၏ အရှုံးအမြတ်ရှင်းတမ်းသည် လုပ်ငန်း၏ သဘာဝအလိုက် ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်း (Trading)၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း (Manufacturing) နှင့် ၀န်ဆောင်မှုလုပ်ငန်း (Services) အမျိုးအစားပေါ် မူတည်ပြီး ရေးဆွဲသည့်ကဏ္ဍများမှာ အနည်းငယ် ကွဲပြားမှုရှိသော်လည်း အခြေခံဖော်ပြ လေ့ရှိသော အကြောင်းအရာများမှာ တူညီမှုရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ လုပ်ငန်း၏ အရှုံးအမြတ်စာရင်းကို ရေးဆွဲရာတွင် - Sales Revenue (ရောင်းရငွေ) - Cost of Goods Sold/ Cost of Sales/ Cost of Revenue (ရောင်းရကုန်စည်တန်ဖိုး၊ တိုက်ရိုက်ကုန်ကျစရိတ်) - Gross Profit (အကြမ်းအမြတ်) - Operating Expense ( လုပ်ငန်းလည်ပတ်စရိတ်) - Operating Profit/ Operating Income/ Profit before Interest & Tax / Earning before Interest & Tax ( လုပ်ငန်း လည်ပတ်ခြင်းမှ ရရှိလာသော အမြတ်၊ အဆိုပါ အမြတ်တွင် အတိုး၊ အခွန် နှင့် အမြတ်ဝေစု ) စသည်များ နှုတ်ပယ်ခြင်း မပြုမီ - Profit after interest/ Profit before Interest ( အတိုးပေးဆောင်ပြီးသော လုပ်ငန်းအမြတ်) - Profit after tax/ Net Profit (အသားတင်အမြတ်၊ အခွန်ပေးဆောင်ထားပြီးသော လုပ်ငန်းအမြတ်) II. Statement of Financial Position (လုပ်ငန်း၏ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်း) လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း (Statement of Financial Position) သည် လုပ်ငန်း၏ ကာလတို၊ ကာလရှည် ပိုင်ဆိုင်မှုတန်ဖိုး၊ ပေးရန်တာဝန် ပမာဏ၊ လုပ်ငန်းထဲတွင် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများ၊ လုပ်ငန်း၏ စုစုပေါင်း အမြတ် စသည်ဖြင့် လုပ်ငန်းတစ်ခုလုံး၏ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်းတစ်ခုအနေဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါရှင်းတမ်းတွင် ကဏ္ဍ (၃) ခုပေါ်တွင် မူတည်ပြီး ရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းတို့မှာ - (က) Assets (လုပ်ငန်း၏ ပိုင်ဆိုင်မှုများ) (ခ) Liabilities (လုပ်ငန်း၏ ပေးရန်တာဝန်များ) (ဂ) Equity (လုပ်ငန်းထဲတွင် ထည့်ဝင်ထားသော လုပ်ငန်းရှင်/ရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှု တန်ဖိုးများ) အဆိုပါ ကဏ္ဍ (၃) ခု အား အသေးစိတ် ပြန်လည် ချိတ်ဆက်ပါက အောက်ပါအတိုင်း ခွဲခြားသိရှိနို်င် သည်။ ၁။ Assets - ( Non- current assets ) (ပုံသေ ပိုင်ဆိုင်မှုများ၊ ကာလရှည် ရရန် ပိုင်ဆိုင်မှုများ) - လုပ်ငန်း လည်ပတ်ဆောင်ရွက်ရန်အတွက် လိုအပ်သော အဆောက် အဦ (Building) ၊ စက်ရုံ (Factory) ၊ လုပ်ငန်းခွင်သုံး စက်ပစ္စည်း ယန္တရားများ (Machinery) ၊ ရုံးသုံး ပစ္စည်းများ (Office Equipment) ၊ မော်တော်ယာဉ်များ (Motor Vehicles)၊ ရုံးသုံး ပရိဘောဂပစ္စည်းများ (Furniture & Fixtures) စသည်ဖြင့် သက်တမ်းအားဖြင့် (၁) နှစ်ထက် ကျော်လွန်ပြီး လုပ်ငန်းထဲတွင် အသုံးပြုသည့် ပစ္စည်းများအား Non-Current Assets ကဏ္ဍထဲတွင် ဖော်ပြလေ့ ရှိသည်။ Current Assets (ကာလတို ပိုင်ဆိုင်မှုများ၊ ရရန်ပိုင်ဆိုင်ခွင့်များ) - လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာတွင် ပိုင်ဆိုင်မှုကာလအားဖြင့် (၁) နှစ် အတွင်းရှိသော ပိုင်ဆိုင်များအား Current Asset ကဏ္ဍတွင် ဖော်ပြလေ့ ရှိသည်။ ၎င်းတို့မှာ - (၁) Inventory (လုပ်ငန်းမှ ရောင်းချကုန်စည် ကုန်လက်ကျန်များ၊ ကုန်ကြမ်း လက်ကျန်များ၊ လုပ်ဆဲ ကုန်လက်ကျန်များ) (၂) (Account Receivables/ Debtors) အကြွေးရောင်းချခြင်းကြောင့် ဖြစ်ပေါ် လာသော ရရန်ရှိများ (၃) Prepaid Expenses (လုပ်ငန်းမှ ကြိုတင်ပေးထားသော အသုံးစရိတ်များ၊ ဥပမာ ရုံးခန်း ငှားခ၊ အာမခံကြေးများ၊ အခြား ရုံးသုံး၊ လုပ်ငန်းသုံး ပစ္စည်းများ ငှားရမ်းခြင်းကြောင့် ကြိုတင်ပေးထားရသော အသုံးစရိတ်များ) (၄) (Cash in hand) ငွေသားလက်ကျန်များ (၅) (Cash at bank) ဘဏ်လက်ကျန်ငွေများ ၂။ Liabilities - Non-Current Liabilities ကာလရှည် ပေးရန်တာဝန်များ - လုပ်ငန်းမှ ယူထားသော အပေါင်ပစ္စည်း တစုံတရာဖြင့် သော်လည်း ကောင်း၊ အပေါင်ပစ္စည်းမပါရှိဘဲ ယူဆောင်ထားသော ကာလရှည် ချေးငွေအမျိုးမျိုးနှင့် ငွေချေးလက်မှတ်များ၊ ငွေချေး စာချုပ်များ ပမာဏ များအား Non-Current Liabilities ကဏ္ဍတွင် ဖော်ပြလေ့ရှိသည်။ Current Liabilities ကာလတို ပေးရန်တာဝန်များ - လုပ်ငန်းလည်ပတ်ဆောင်ရွက်စဉ် လုပ်ငန်းမှ ကာလတို ပေးရန် တာဝန် များအား Current Liabilities ကဏ္ဍတွင် ဖော်ပြလေ့ရှိသည်။ ၎င်းတို့မှာ (က)(Account Payable/ Creditors) ကုန်ဝယ်ပေးရန်တာဝန်များ (ခ)(Accrued Expenses for rent, utility etc) ပေးရန်ကျန် အသုံးစရိတ်များ ၃။ Equity Shareholders’ Capital ရှယ်ယာရှင်များ၏ ရင်းနှီးထည့်ဝင်ငွေများ - လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန်အတွက် ရှယ်ယာရှင်များမှ ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသော ထည့်ဝင်ငွေများကို Shareholders’ Capital ဟု သတ်မှတ်နိုင်သည်။ Retained Earning & Reserves လုပ်ငန်းတွင်း ထိန်းသိမ်းထားရှိသော အမြတ်ငွေများနှင့် ရံပုံငွေများ - လုပ်ငန်းလည်ပတ်ခြင်းမှ ရရှိလာသော အမြတ်များမှ ပေးရန်တာဝန် ရှိသော အမြတ်ဝေစုများ နှုတ်ပယ်ပြီး လုပ်ငန်းတွင် ထိန်းသိမ်းထားရှိ သော စုစုပေါင်းအမြတ်ငွေ နှင့် အမျိုးမျိုးသော ရံပုံငွေများအား Retained Earning & Reserves ဟု ခေါ်ဆိုလေ့ရှိသည်။ III. Statement of Cash Flows (ငွေသားလှည့်လည်စီးဆင်းမှုစာရင်း) လုပ်ငန်းတွင်းလှည့်လည် စီးဆင်းနေသောငွေသားများ၏ အနေအထားများကို သုံးသပ်လေ့လာနိုင် ရန်အတွက် Statement of Cash Flows (ငွေသားလှည့်လည် စီးဆင်းမှုစာရင်း) ကို ရေးဆွဲဖော်ပြလေ့ရှိ သည်။ ငွေသားလှည့်လည်စီးဆင်းမှု စာရင်းတွင် အခြေခံကဏ္ဍအားဖြင့် ၁။ Operating Cash Flow (လုပ်ငန်းလည်ပတ်ခြင်းမှ ဖြစ်ပေါ်လာသော ငွေသားလှည့်လည်စီးဆင်းမှု) ၂။ Investing Cash Flow (လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုမှ ဖြစ်ပေါ်လာသော ငွေသားလှည့်လည် စီးဆင်းမှု) ၃။ Financing Cash Flow (လုပ်ငန်း၏ ဘဏ္ဍာငွေ ရှာဖွေခြင်းမှ ဖြစ်ပေါ်လာသော ငွေသားလှည့်လည် စီးဆင်းမှု) လုပ်ငန်း၏ ကဏ္ဍအသီးသီးအလိုက် ငွေသားလှည့်လည် စီးဆင်းမှုများအား ငွေသားလည်ပတ် စီးဆင်းမှု စာရင်းတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် စစ်ဆေးသိရှိနိုင်ပြီး လုပ်ငန်းတွင်း စီးဆင်းနေသော ငွေသားအနေအထားကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းဖြင့် လုပ်ငန်းတွင်း ကာလတို၊ ကာလရှည် ပေးချေနိုင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ IV. Statement of Changes in Equity ( လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှု ရှင်းတမ်း ) ဖော်ပြပါ ရှင်းတမ်းတွင် လုပ်ငန်း၏ ရင်းနှီးထည့်ငွေများ မည်သို့၊ မည်ပုံ ပြောင်းလဲမှုရှိသည်ကို ဖော်ပြလေ့ရှိသည်။ ရင်းနှီးထည့်ဝင်ငွေကဏ္ဍနှင့် စပ်လျှဉ်းပြီး လုပ်ငန်းမှ အမြတ်ဝေစု ခွဲဝေပေးမှုများ၊ ထပ်မံထည့်ဝင်ထားသော ရင်းနှီးငွေ ဖော်ပြချက်များ၊ လုပ်ငန်း၏ အရှုံး၊ အမြတ် ဆက်စပ်မှုကြောင့် ထည့်ဝင်မှုတန်ဖိုး ပြောင်းလဲသွားခြင်းများ စသည်ဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထည့်ဝင်ရင်းနှီးမှုတန်ဖိုး မည်သို့ ပြောင်းလဲမှု ရှိသည်ကို ရှင်းလင်းစွာ သိရှိနို်င်စေရန် ရေးဆွဲထားခြင်းဖြစ်သည်။ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု သဘောတရာများအလိုက် ဘဏ္ဍာရေးရှင်းတမ်းများတွင် ရေးဆွဲမှုများမှာ စာရင်း ခေါင်စဉ် များ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ လုပ်ငန်း၏ ရှင်းတမ်းများ ရေးဆွဲရာတွင် လချုပ်၊ ၃ လ တစ်ကြိမ်၊ နှစ်ချုပ်ရှင်းတမ်းများဟူ၍ ရေးဆွဲသည့်ကာလများသည်လည်း ကွဲပြားခြားနားနိုင်ပါသည်။ ရှင်းတမ်းများရေးဆွဲပြီး ရှင်းတမ်းများမှ “အဖြေပေးနေသော” လုပ်ငန်း၏ အနေအထားကို သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲသူများအား တင်ပြရမည်ဖြစ်သည်။ စာရင်းကိုင် တစ်ဦးအတွက် ရှင်းတမ်းများတင်ပြချိန်တွင် “ လုပ်ငန်းက အမြတ်တွေ ရှိနေပြီး ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ” ဟူသည့် လုပ်ငန်းရှင်၏ မေးခွန်း တစ်ခုတည်းဖြင့် စာရင်းရေးဆွဲချိန်ထက် ပိုမိုသည့် ခေါင်းကိုက်မှုကိုလည်း ကြိုတင်ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

Share this

Related Posts

Previous
Next Post »