စစ်မှန်တဲ့ အောင်မြင်မှုအတွက် လိုအပ်

စစ်မှန်တဲ့ အောင်မြင်မှုအတွက် လိုအပ်
သောအချက်လေးချက်ပါ။
၁။ ပေါင်းသင်းဆက်ဆံရေး
၂။ အတူတကွ လုပ်ဆောင်ခြင်း
၃။ ခေါင်းဆောင်မှုစွမ်းရည်
၎။ ခံယူချက်
၁။ ပေါင်းသင်းဆက်ဆံရေး
စစ်မှန်တဲ့ အောင်မြင်မှုရချင်ရင် မိသားစုအတွင်းမှာဖြစ်စေ၊ အတန်းဖော် ကျောင်းသား ကျောင်းသူတွေထဲမှာပဲ ဖြစ်စေ၊ မိဘနဲ့၊ ဆရာသမားနဲ့ ဆက်ဆံရေးပြေပြစ် ကောင်းမွန်ရပါမယ်။ အောင်မြင်ရေးအတွက် အလိုအပ်ဆုံးနဲ့ အကြီးမားဆုံး အရည်အချင်းကတော့ လူတွေနဲ့ ဘယ်လို ပေါင်းသင်း ဆက်ဆံမလဲ ဆိုတာပါပဲ။ ပေါင်းသင်း ဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ ဘဝအပေါ် သက်ရောက်မှုများတယ်။ မိမိရဲ့ ပေါင်းသင်း ဆက်ဆံရေး အရည်အသွေးဟာ မိမိကိုယ်ကို မြှင့်တင် တည်ဆောက်နေသလား။ ဖြိုခွဲ ဖျက်ဆီးနေသလား၊ စဉ်းစား သုံးသပ်ပါ။ ပြုပြင်သင့်ရင် ကောင်းအောင်ပြုပြင်ပါ။
မြတ်စွာဘုရားရှင်က မင်္ဂလာတရားတော်မှာ ပထမဦးဆုံး မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းဖော်ပါ။ (ဒါမှကောင်းတဲ့အရည်အသွေး အတုယူလို့ရရှိမှာပေါ့) ၊ မကောင်းတဲ့ မိုက်မဲသူတွေကို မပေါင်းလေနဲ့။ ဝေးဝေး ရှောင်ပါ။ (ဒါကို ပထမဦးဆုံးတောင် ထားတာနော်)၊ တော်တော်ကြာငရုတ်သီးနဲ့ ပေါင်းမိလို့ ကိုယ်ပါငရုတ်ဆုံထဲ ထည့်အထောင်းခံရတဲ့ ကြက်သွန်လိုဖြစ်နေမယ်။ ငရုတ်သီးက သူ့လိုစပ်တဲ့ကောင် လာခဲ့ထွက်ခဲ့ခေါ်တော့ ကြက်သွန်ကငါလည်း လူတွေ မျက်ရည်ကျအောင်စပ်တဲ့ ကောင်ပဲဆိုပြီး ငရုတ်သီးနဲ့ ပေါင်းသတဲ့။ ဘာပြောကောင်းမလဲ။ ငရုတ်သီးနဲ့ အတူရောပြီး ထုထောင်းခံရတော့တာပဲ။ လူပေါင်းမမှားစေနဲ့နော်။
ဒီဃဇာဏုသုတ်မှာပါတဲ့
သမ္ပဒါတရားလေးပါး၊ အောင်မြင် ကြီးပွားကြောင်း တရားမှာလည်း ''ကလျာဏမိတ္တသမ္ပဒါ'' ဆိုတဲ့ အချက်ဟာ တစ်ချက်ပါပါတယ်။ ဆရာသမားကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း၊ ရဲဘော်ရဲဘက် တပည့်ကောင်း တွေ ပြည့်စုံရင် အများကြီး အောင်မြင်တာတွေ့ရမှာဖြစ်တယ်။
သီအိုရီ သဘောတရားရော၊ လက်တွေ့ ရော နည်းလမ်းတကျ အောဆရာကသာ အမှန်မပြရင် တစ်စုံတစ်ဦးရဲ့ ကြိုးစား အားထုတ်မှုဟူသမျှဟာ သုညပဲ။ ဆရာကောင်း မိတ်ဆွေကောင်းများ ရရှိအောင် အလေးထားရမယ်ဆိုတာ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်နဲ့ အညီပါပဲ။ ဆက်ဆံရေး ကောင်းအောင် မိမိကိုယ်ကို ပြုပြင် တည်ဆောက်ရပါမယ်။
၂။ အတူတကွလုပ်ဆောင်ခြင်း
ဘဝမှာသင်ယူခဲ့ရတဲ့ တန်ဖိုးအရှိဆုံး သင်ခန်းစာ တစ်ခုကတော့ သင့်အနားမှာ ရှိနေတဲ့ လူတွေဟာ သင်ဘယ်လောက် အောင်မြင်လဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်တဲ့။ ကြီးကျယ် ခမ်းနားတဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် အဖွဲ့အစည်း၊ အသင်းအပင်း အုပ်စုတွေနဲ့အတူ စုပေါင်း လုပ်ဆောင်ကြမှသာ အောင်မြင်တာမဟုတ်လား။ အဖွဲ့အစည်းကောင်းဖို့လည်း အရေးကြီးတာပေါ့။
၃။ ခေါင်းဆောင်မှုစွမ်းရည်
ခေါင်းဆောင်နိုင်မှု ဆိုတာ အောင်မြင်သူတိုင်းမှာ ရှိနေတဲ့၊ ရှိသင့်တဲ့အရည် အချင်းတစ်ရပ်ပါ။ ခေါင်းဆောင်ဆိုတာ ရှေ့က စံနမူနာကောင်းကို ပြသနိုင်ရမယ်။ နောက်လိုက်ငယ်သားတွေရဲ့ လေးစားအားကျ အားကိုးမှုကို ခံယူနိုင်ရမယ်။ တာဝန်ယူရဲ ရပါမယ်။ ငယ်သားတွေက လူစီးတွဲ၊ ကုန်တွဲ၊ ကျောက်တွဲ၊ ဆီတွဲ၊ ရထားတွဲတွေဆိုပါစို့။ မိမိက ခေါင်းတွဲဖြစ်ရပါမယ်။ ကိုယ်တိုင် ဆွဲနိုင် တွန်းနိုင်တဲ့ အင်ဂျင်ပါဝါရှိရမယ်။ သူတစ်ပါး တိုက်တွန်းစရာမလိုဘဲ ကိုယ်တိုင် ထကြွနိုးကြားသူ ဖြစ်ရပါမယ်။ ခေါင်းဆောင်မှု စွမ်းရည်ပြည့်ဝလေလေ ဘဝမှာ အောင်မြင်လေလေပဲ။ စာဖတ်သူဟာ ခေါင်းဆောင်မှုစွမ်းရည်ကို အစဉ်အမြဲ လေ့ကျင့်မြှင့်တင် နေသင့်တယ်။
၎။ ခံယူချက်
လူတစ်ယောက်ရဲ့ ခံယူချက်ကသာလျှင် သူ့ရဲ့ နေ့စဉ်ဘဝကို ဘယ်လို ဖြတ်သန်းသလဲဆိုတာကို ပြဋ္ဌာန်းပါတယ်။ သင့်ရဲ့ အောင်မြင်မှုအ နိမ့်အမြင့် အကွာအဝေးတို့ဟာ သင့်ရဲ့အရည်အချင်း ဆိုတာထက် သင့်ရဲ့ခံယူချက် သဘောထားနဲ့သာ ပိုပြီး သက်ဆိုင်တယ်။
လောကကောင်းကျိုးကို ငါအစွမ်းကုန် သယ်ပိုးမယ်ဆိုတဲ့ ခံယူချက်မျိုး၊ ငါ့နိုင်ငံတော် ငါ့လူမျိုးရဲ့ ငြိမ်းချမ်းရေး၊ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါအကောင်းဆုံးပါဝင် ကြိုးစား ထမ်းဆောင်မယ်ဆိုတဲ့ ခံယူချက်မျိုး၊ ငါ့အုပ်စု၊ င့ါအဖွဲ့အတွက် ဂုဏ်တက်ရအောင် အသက်ပေးချင် ပေးရပါစေ၊ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လုပ်မယ်ကွဆိုတဲ့ ခံယူချက်မျိုးဟာ အောင်မြင်မှုတွေ ရစေပါ တယ်။
ဒီဆောင်းပါးမှာ နိဂုံးချုပ်စာရေးသူ တင်ပြချင်တာကတော့ သေချာပေါက် အောင်မြင်နည်းတစ်ခုပါ။
သင်ဟာ အောင်မြင်မှုကို ငတ်မွတ် ဆာလောင်နေသူဆိုရင် သင့်ဘဝကို ဖြတ်သန်းရမယ့် အကောင်းဆုံး နည်းလမ်းက အောင်မြင်သူတွေနဲ့ နီးနီး ကပ်ကပ် နေထိုင်ခြင်းပါပဲ။ သူတို့နဲ့ အချိန်ဖြုန်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ပါ။ သူတို့ ဘယ်လို တွေးတောသလဲသင်ယူပါ။
အဲဒီလိုနဲ့ သင်ဟာ တစ်နေ့မှာ သူတို့လို ဖြစ်လာပါလိမ့်မယ်။ ကဲ လမ်းတော့ တွေ့နေပြီ။ ဆက်ပြီး လျှောက်မလျှောက် ဆိုတာကတော့ စာဖတ်သူတွေရဲ့ ခံယူချက်နဲ့ ရွေးချယ်မှု အတိုင်းပါပဲ။ လက်တွေ့လုပ်တဲ့ လူကတော့ တကယ် အကျိုးထူးမှာ သေချာပါတယ်။ မြေကြီးလက်ခတ်မလွဲပါ။
credit:

Share this

Related Posts

Previous
Next Post »